ဧရာဝတီတိုင်းမ်
(မုံရွာ)၊ စက်တင်ဘာလ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာအကျဉ်းထောင်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကစတင်ပြီး အစာငတ်ခံဆန္ဒပြခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုချက် လေးချက်ကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် စစ်ကောင်စီက လိုက်လျောပေးခဲ့ကြောင်း သိရသည်။

မုံရွာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၅၀ ဦးသည် မုံရွာအကျဉ်းထောင် တာဝန်ခံ အရာရှိကိုယ်တိုင် အပတ်စဉ် ထောင်ပိုင်တန်းစီးတွင် ခွင့်ပြုထားသော အကျဉ်းသား တစ်ဦးလျှင် စာအုပ်သုံးအုပ်စီ သိမ်းဆည်းထားခြင်းကိုပြန်ပေးရန်၊ အကျဉ်းသား တစ်ဦး လျှင်ထောင်ဝတ်စုံ ပုံစံသုံးစုံစီ ခွင့်ပြုထားလျက် သိမ်းဆည်းသွားခြင်းကို ပြန်ပေးရန်၊ သိမ်းဆည်းသွားသော စာအိုးစားခွက်များနှင့် အစားအသောက်နှင့်ဟင်းများကိုပြန်ပေး ရန်၊ အကျဉ်းသားတစ်ဦးလျှင် စာ ၁၀ စောင်၊ ပုံ ၁၀ ပုံခွင့်ပြုထားလျက် သိမ်းဆည်း သွားသည့် ပုံများ၊ စာများကို ပြန်ပေးရန် စသည့် အချက်လေးချက်ကို တောင်းဆိုကာ အစာငတ်ခံ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

“အစာငတ်ခံဆန္ဒပြခဲ့တဲ့ အကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေကတော့ မသိရ သေးဘူးဗျ။ အထူးသဖြင့်မေ့မြောသွားတဲ့ သုံးယောက်ပေါ့။ တောင်းဆိုချက်တွေ ပြန်ရတဲ့အတွက် ဆေးဝါးတွေပြန်ပေးတာ။ ‌ကျန်းမာရေးကုသမှုပေးမယ်လို့ပဲ ယူဆထား ပါတယ်။ မီဒီယာတွေရော ပြည်သူတွေပါ ဒီကိစ္စကို ဆက်လက် စောင့်ကြည့်နေဖို့ လိုပါတယ်။ စစ်‌ကောစီက ဘယ်တော့မှ သူတို့ရှုံးသွားတယ် အလျော့ပေးလိုက်ရတယ် ဆိုတာကို ငြိမ်ခံ၊ လက်ခံတာမျိုးမရှိဘူး။ အထူသဖြင့် ထောင်တွင်းတိုက်ပွဲတွေက ပိုဆိုးတယ်။ သူတို့က အကျဉ်းသား၊ အချုပ်သားကို အလျော့ပေးရတယ်ဆိုတာမျိုး အဖြစ် မခံဘူး” ဟု မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ တာဝန်ရှိသူတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
အစာငတ်ခံဆန္ဒပြနေသည့် ၅ ရက်တာအတွင်း အကျဉ်းသားသုံးဦးမှာ သတိမေ့မြော သွားခဲ့ပြီး ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု ရရှိခဲ့ခြင်းမရှိဘဲ ကျန်နိုင်ကျဉ်းများ မှာလည်း စစ်ကောင်စီလက်အောက်ခံများ၏ လက်နက်အားကိုးဖြင့်စော်ကားပြောဆို မှုများ၊ အနိုင်ကျင့်ခံခဲ့ရခြင်းများ ရှိခဲ့ကြောင်း သိရသည်။

“မုံရွာထောင်မှာ နိုင်ကျဉ်းတွေရဲ့တောင်းဆိုချက်တွေကို လိုက်လျောလိုက်တယ်ဆိုတဲ့ အပေါ်မှာ ကျွန်တော်တို့ရဲ့အတွေ့အကြုံအရ အကျဉ်းထောင်အာဏာပိုင်တွေ၊ စစ်အုပ်စု တွေဟာတည်ဆဲဥပဒေတွေ၊ အကျဉ်းထောင်ဥပဒေတွေကို လစ်လျှူရှုပြီးတော့အမိန့် အာဏာတွေ၊ ညွှန်ကြားချက်တွေနဲ့သွားနေတဲ့အတွက်ကြောင့် အခုလိုမျိုးလိုက်လျော လိုက်တာ ဟန်ပြသက်သက်ပဲလို့ မြင်ပါတယ်။ အပေါင်းလက္ခဏာ ဆောင်တယ်လို့ မမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီကို အခုချိန်ထိမယုံကြည်လို့ပါ။ ယုံကြည်စရာလဲ ဘာအကြောင်းမှမရှိလို့ပါ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မုံရွာအကျဉ်းထောင်အတွင်း အကျဉ်းသားတစ်ဦးလျှင် စာအုပ် သုံးအုပ်ထားရှိခွင့်၊ ထောင် အာဏာပိုင်များရှိနေလျှင် တရားဝင်ခွင့်ပြုထားသည့်ပစ္စည်းများ သိမ်းဆည်းမည်မဟုတ် ဟု တာဝန်ခံအရာရှိများကပြောဆိုထားသည်။

ထိုသို့ ပြောဆိုထားသော်လည်း စက်တင်ဘာလ ၈ ရက်နေ့တွင် ရှာဖွေရေး ဟုခေါင်းစဉ် တပ်ကာ ရဲနှင့်စစ်ကောင်စီတပ်သားအင်အားအလုံးအရင်းဖြင့် အကျဉ်သားများထံက ရှာဖွေရသမျှ ပစ္စည်းများကို သိမ်းဆည်းသွားခြင်းကြောင့် အကျဉ်းသား ၁၅ ဦးသည် စတင်၍ အစာငတ်ခံဆန္ဒပြခဲ့ပြီး ၅၀ ဦးအထိ ပါဝင်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း မုံရွာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံက သိရသည်။

ဓာတ်ပုံ – မုံရွာအကျဉ်းထောင်

#မုံရွာအကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသားများ #အစာငတ်ခံဆန္ဒပြ #တောင်းဆိုချက်၄ရပ် #စစ်ကောင်စီလိုက်လျော #Ayeyarwaddy_Times