ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၁၅ ရက်

ဧရာ၀တီတိုင်း ဘိုကလေးမြို့နယ်ရှိ စစ်ကောင်စီ ထောက်ခံသူ အမျိုးသမီး အသတ်ခံရမှုတွင် ကျူးလွန်သည်ဟုစွပ်စွဲခံရသူ ဒေသခံလူငယ်လေးဦးကို ဖျာပုံခရိုင်တရားရုံးမှ စက်တင်ဘာလ၁၂ရက်နေ့တွင် သေဒဏ်အမိန့် ချမှတ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူများထံက သိရသည်။

ဘိုကလေးမြို့၊ အမှတ် (၆) ရပ်ကွက်တွင် မူးယစ်ဆေးဝါးရောင်းချကာ စစ်ကောင်စီ သတင်းပေးဟု နံမည်ကြီးသည့် မသူဇာကြီး (ခေါ်)မသူဇာသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ စစ်ကောင်စီတပ်နှင့်လက်အောက်ခံရဲများက ဘိုကလေးမြို့ရှိ ကိုပြည့်စုံဖြိုး ၊ ကိုဇော်ဝင်းထွန်း၊ ကိုမင်းသူအောင်နှင့် ကိုနိုင်ဝေလင်း တို့ကို စွပ်စွဲဖမ်းဆီးကာ ဖျာပုံခရိုင်တရားသူကြီး ဒေါ်သူဇာအေးမှ တနှစ်ကျော်ကြာ စစ်ဆေးပြီးနောက် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“သူတို့ကိုအမိန့်ချတာက ၃၀၂/၁၀၉နဲ့သေဒဏ်ချလိုက်တာ။ ဖမ်းထားတာ တစ်နှစ် လောက်ရှိပြီ။ တစ်ခြားအကြမ်းဖက်ပုဒ်မတွေနဲ့လဲ ထောင်ဒဏ်တွေချထားတယ်။ အခု သေဒဏ်ချလိုက်ပြီဆိုတော့ ပုသိမ်ထောင်ကိုပဲ လွှဲပြောင်းမယ်ထင်တယ်”ဟု တရားရုံး ၀န်ထမ်းတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။

မသူဇာအား သေနတ်ဖြင့်ပစ်ခတ်မှုကို ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီတပ်နှင့်ရဲများက ဒေသခံများကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး တစ်နှစ်အကြာတွင် လူငယ်လေးဦးကို တရားခံအဖြစ်စွပ်စွဲ၍ သေဒဏ်ချမှတ် ခဲ့ခြင်းဖြစ်သည်။

“သူတို့က PDF လည်းမဟုတ်ပါဘူး။ တစ်ကယ်သတ်တဲ့လူက မြို့ထဲမှာ အလွယ် ဖမ်းလို့ရမလား။ ရှောင်ပြီပေါ့။ အခုက စွပ်စွဲ ဖမ်းဆီးနှိပ်စက်ပြီး ၀န်ခံခိုင်းတဲ့ပုံစံမျိုးပဲ”ဟု ဘိုကလေးမြို့ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောသည်။

#ဘိုကလေးမြို့ #စစ်ကောင်စီထောက်ခံသူအမျိုသမီးသတ်မှု #ဒေသခံလူငယ်၄ဦး #စွပ်စွဲသေဒဏ်ချမှတ် #Ayeyarwaddy_Times