
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊စက်တင်ဘာလ ၁၅ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ဇာဒီကျေးရွာ နှင့် ခေါင်ပြန်ရွာတို့တွင် စက်တင်ဘာလ ၁၄ ရက် မနက် ၇ နာရီခန့်က စစ်ကောင်စီသတင်းပေး ပျူစောထီး အဖွဲ့ဝင် ဆိုသူ နှစ်ဦး ပစ်ခတ်ခံရ၍ တစ်ဦးသေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ပစ်ခတ်ခံရသူ နှစ်ဦးဟာ ဇာဒီ ကျေးရွာက အသက် (၄၀) အရွယ် ပျူစောထီး ဦးသက်မောင် နှင့် ခေါင်ပြန်ရွာက အသက် (၅၀) ကျော် အရွယ် သေဆုံးသူ ပျူစောထီး ဦးကြည်စိုး(သေဆုံးသူ) တို့ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
” အခု ပစ်ခတ်ခံရတဲ့ သူ နှစ်ဦးစလုံးဟာ ရွာ မှာအရမ်းဆိုးတဲ့စစ်တပ်သတင်းပေး တွေလေ။ ခေါင်ပြန်ရွာက ကြည်စိုး ကို သူ့ရဲ့ နေအိမ်မှာပဲ အရင်ပစ်ခတ်ခဲ့တာ။ ပြီးမှ ဇာဒီ ရွာက သက်မောင်ကို ထပ်ပြီး လာပစ်တာ။ သက်မောင် က သူ့ကားနဲ့လာပြီး လက်ဖက်ရည် ဆိုင်မှာ ထိုင်သောက်နေတုန်း အပစ်ခံရတယ်။ သူက လက်မောင်း မှာ တစ်ချက် ထိပြီး မြေပြင်မှာဝပ်ချလိုက်လို့ တစ်ချက်ပဲထိတာ။ ပြီးတာနဲ့ ထွက်ပြေးသွားတာ တန်းနေရော။ နောက်ထပ်ဆက်ပစ်ရင် လက်ဖက်ရည်ဆိုင်ထဲက အခြားသူတွေကို ထိမှာစိုးလို့ထင်တယ်။ ဆက်မပစ်တော့ ပဲ့ ပြန်ထွက်သွားကြတယ်” ဟု ဇာဒီကျေးရွာက ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ဦးသက်မောင်နှင့် ဦးကြည်စိုး(သေဆုံးသူ) တို့ နှစ်ဦးသည် ဒေသခံများကို အမြဲခြိမ်းခြောက်၍ စစ်ကောင်စီတပ်နှင့် ပေါင်း၍ကိုယ်ကျိုးစီးပွားရှာနေ သူများဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်သတင်းပေး ဆက်မလုပ်ရန် အကြိမ်ကြိမ်သတိပေးထားသော်လည်း လိုက်နာခြင်းမရှိဘဲ သတင်းပေး အလုပ်ကို ဆက်လက်လုပ်ဆောင်နေ၍ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ဇာဒီကျေးရွာ ဒေသခံများထံက သိရသည်။
“သူတို့နှစ်ဦးကို လာပစ်ခတ်သွားတာက လက်နက်ကိုင်ထားတဲ့ ဆိုင်ကယ်နဲ့ လူ ၈ ယောက်လောက်က လာပစ်တာ။ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကို တော့မသိရသေးဘူး” ဟု ဇာဒီကျေးရွာကဒေသခံက ပြောသည်။
ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ဦးကြည်စိုး အလောင်းကို လက်ရှိအချိန်အထိ ခေါင်ပြန်ရွာရှိ ၎င်း၏နေအိမ်တွင် ထားထားပြီး လက်မောင်းတွင် သေနတ်ဒဏ်ရာ ရရှိခဲ့သည့် ဇာဒီရွာက ဦးသက်မောင်ကိုမူ အုန်းပင်ကွင်းက မောရဝတီ ရေတပ် စစ်ဆေးရုံသို့ တင်ဆောင်သွားကြောင်း ဒေသခံများထံကသိရသည်။
အဆိုပါပစ်ခတ်မှုဖြစ်ပွားပြီး ၂ နာရီခန့်အကြာတွင် ဇာဒီကျေးရွာသို့ လက်နက် အပြည့်အစုံဖြင့် အင်အား ၂၀ ဝန်းကျင်စစ်ကောင်စီတပ်သားများ ကား နှစ်စီး ဖြင့် ရောက်ရှိကာ တပ်ဖြန့် နေရာယူ၍ စစ်ဆေးမှုများတင်းကျပ်သည့် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ဇာဒီရွာတွင် သေနတ်ကိုင်ဆောင်ထားသည့် ပျူစောထီးဆိုသူ ဦးအေးဟန်ကို ၎င်း၏ခြံအတွင်းတွင် သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ဆေးကုသမှု ခံယူနေသည် စစ်ကောင်စီသတင်းပေးဆိုသူ ပျူစောထီး ဦးသက်မောင်
#ကံပေါက်ဒေသ #ဇာဒီရွာ #စစ်ကောင်စီသတင်းပေး #ပျူစောထီး၂ဦး #ပစ်ခတ်ခံရ #Ayeyarwaddy_Times