ဧရာ၀တီတိုင်းမ်

စက်တင်ဘာလ ၁၅ ရက်

စစ်ကောင်စီ၏ ဒေါက်တိုင်ဖြစ်သည့် ရွှေဗျိုင်းဖြူကုမ္ပဏီ အုပ်စုတည်ထောင်သူ ခရိုနီ သူဌေးတစ်ဦးဖြစ်သည့် ဦးသိန်း၀င်းဇော်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထား ကြောင်း သိရသည်။

လောင်စာဆီလုပ်ငန်း၊ သစ်ထုတ်လုပ်ရေးလုပ်ငန်း၊ ကျောက်မြတ်ရတနာလုပ်ငန်းများနှင့် စစ်ကောင်စီကို အဓိကအကျိုးပြုနေသည့် ဦးသိန်း၀င်းဇော်ကို စက်တင်ဘာ ပထမပတ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

“သူ့ကိုဖမ်းတာက စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ် တယ်ဆိုပေမယ့် ဒေါ်လာကိစ္စတွေလည်း ပါမယ်။ တခြားစီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော်ကိုလည်း ဖမ်း ဆီးထားတာကြောင့် ကျန်တဲ့လူတွေလည်း တိမ်းရှောင်နေရတယ်”ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဦးသိန်း၀င်းဇော်သည် ရွှေဗျိုင်းဖြူလုပ်ငန်းစုအပြင် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခု ဖြစ်သည့် ATOM လုပ်ငန်းစုတွင် ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသည့် သူတစ်ဦးဖြစ်ပြီး စစ်ကောင်စီကို အခွန်အများဆုံးပေး ဆောင်နေသည့် ထိပ်တန်းလုပ်ငန်းရှင် တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

ဦးသိန်းဝင်းဇော်၏ ရွှေဗျိုင်းဖြူ လုပ်ငန်းစုထဲမှ လုပ်ငန်းစုတစ်ခုဖြစ်သည့် Shwe Byain Phyu Oil & Gas ကုမ္ပဏီလိမိတက်ကို ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်နေ့က လူမွဲစာရင်း ကြေညာ၍ ဖျက်သိမ်းခဲ့သည်။

ရွှေဗျိုင်းဖြူလုပ်ငန်းစု၏ စက်သုံးဆီကုမ္ပဏီသည် ဒေဝါလီခံကြောင်း တရား၀င် ကြေညာပြီး နောက်ဖမ်းဆီးထိန်း သိမ်းခံရခြင်းဖြစ်‌သည်။

စစ်ကောင်စီသည် ၎င်းတို့၏ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီအတွင်းရေးမှူး ဗိုလ်ချုပ်ရန်နောင်စိုးကို ဖမ်းဆီးပြီးနောက်အမှုနှင့် ဆက်စပ်သည်ဟုဆိုကာ ဦးသိန်းဝင်းဇော်ကိုပါ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ်လအတွင်းတွင် စီးပွားရေးလုပ်ငန်းရှင် အများ အပြားနှင့် စစ်ဘက်ဆိုင်ရာထိပ်တန်းအရာရှိများကို ဖမ်းဆီးစစ်ဆေးပြီးနောက် ဗိုလ်ချုပ်‌ရန်နောင်စိုးကိုပါ ဒေါ်လာအရောင်းအ၀ယ်၊ ပို့ကုန်သွင်းကုန် ကိစ္စရပ်များနှင့် ပတ်သက်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

စစ်ကောင်စီသည် ပို့ကုန်သွင်းကုန်လုပ်ငန်းများနှင့် ဆက်စပ်သည့် စီးပွားရေး လုပ်ငန်းရှင် အများစုကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ကျန်ရှိနေသည့် လုပ်ငန်းရှင်များသည်လည်း အကြောင်းအမျိုးမျိုးပြ၍ နိုင်ငံမှထွက်ခွာရန် လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

ပုံစာ- ရွှေဗျိုင်းဖြူကုမ္ပဏီ အုပ်စုတည်ထောင်သူ ခရိုနီ ဦးသိန်း၀င်းဇော်

#ရွှေ‌ဗျိုင်းဖြူကုမ္ပဏီအုပ်စု #ATOMလုပ်ငန်းရှင် #ခရိုနီဦးသိန်း၀င်းဇော် #ဖမ်းဆီးခံရ #Ayeyarwaddy_Times