နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၅ ရက်

အာဏာသိမ်း စစ်ကောင်စီသည် ယခင်လို အင်အားအပြည့်ဖြင့် စစ်ကြောင်းကြီးများ ထိုးနိုင်ခြင်းမရှိတော့ဘဲ လေယာဉ်နှင့်လက်နက်ကြီးများသုံးကာ ဗုံးကြဲတိုက်ခိုက် ရမ်းသန်း ပစ်ခတ်ခြင်းသာ လုပ်ဆောင်လာတော့မည်ဖြစ်၍ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ယခုထက် ပိုမို ထိရောက်မြန်ဆန်ကာ ပိုမိုထိရောက်မှုရှိသည့် အရေးယူပိတ်ဆို့မှုများ ပြုလုပ်သင့် ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတောနီးက ပြောကြားသည်။

KNU အနေဖြင့် စစ်အာဏာရှင်စနစ်နှင့် မည်သည့်အာဏာရှင် စနစ်မဆို ချုပ်ငြိမ်းရေး အတွက် ခိုင်ခိုင်မာမာ ဆက်လက်ချီတက်နေပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တပ်ဖွဲ့များက လက်တွေ့ အကောင်အထည် ဖော်ဆောင်နေကြောင်း ပဒိုစောတောနီး ထံကသိရသည်။

“ဒီကာလမှာ ကျွန်တော်တို့ မြင်တာကတော့ သူ(စစ်ကောင်စီ) ဘာမှထူးထူးခြားခြား စစ်ကြောင်းမထိုးနိုင်တာလည်း ကြာပြီ။ သူလှုပ်ရှားနိုင်တာကလည်း မြို့ပေါ်နဲ့ လမ်းမကြီးပေါ်မှာပဲ ရှိတယ်။ ကျွန်တော်တို့တောနယ်ဒေသပိုင်းမှာ ဒီလောက်ဘာမှ ဟုတ်တိပတ်တိ မလုပ်နိုင်တော့တာလည်း ကြာပြီလေ။ သူလုပ်နိုင်တာက လေယာဉ်နဲ့ ဗုံးလာကြဲတာပဲ ရှိတော့တယ်။ နောက်ပြီး လက်နက်ကြီးနဲ့ ထင်ရာမြင်ရာ လျှောက်ပစ် တာပဲ ရှိတယ်” ဟု KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာတွင် စာချုပ်ချုပ်ဆို၍ ရုရှားနိုင်ငံမှ Sukhoi ကုမ္ပဏီထုတ် SU-30SME ဘက်စုံသုံး တိုက်လေယာဉ် ခြောက်စီးကို မှာယူထားပြီး ယခုအခါ မြန်မာနိုင်ငံသို့ နှစ်စီးရောက်ရှိနေပြီဖြစ်ကြောင်း စစ်ကောင်စီ၏ စက်မှုဝန်ကြီး ဦးချာလီသန်းက RIA သတင်းဌာနကို ဖြေကြားထားသည်။

“ဒီနေ့ဒီကာလမှာ လေယာဉ်ပျံတွေ လျှောက်ဝယ်ပြီးတော့ အခုတောင်မှ တရားဝင် ထုတ်ပြောတာတွေ ရှိတယ်လေ။ နောက်ဆုံး SU-30 နှစ်စီး ရောက်နေတယ်။ ဒီလေယာဉ်တွေ ရောက်လာလို့လည်း ကျွန်တော်တို့ စစ်ရေးအခြေအနေကို ဘယ်လိုမှ ပြောင်းလဲနိုင်မှာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ စစ်မြေပြင်အနေအထား၊ ထိန်းချုပ် နိုင်တဲ့အနေအထား ပိုပြီးတော့ တိုးလာဖို့ပဲရှိတယ်။ ဒါပေမယ့် တစ်ခုပဲ သူလုပ်နိုင်တာက ပြည်သူလူထုအပေါ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ ဗုံးကြဲမှုတွေ လျှောက်လုပ်တော့မှာ ဖြစ်တယ်။ အဲဒီလုပ်တဲ့ အပေါ်မှာကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီထက်ပိုပြီး ထိရောက်မြန်ဆန်ပြီး တော့ အင်မတန် သက်ရောက်မှုရှိတဲ့ အရေးယူပိတ်ဆို့မှုမျိုး တကယ်လိုအပ်နေတယ်”ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ဆိုသည်။

စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်နေသည့် KNU သည် ယခုရက်ပိုင်းအတွင်း ပြုလုပ်ပြီး စီးခဲ့သော KNLA (၆)လပတ် တပ်မှူးများ အစည်းအဝေးတွင် တပ်မဟာ (၄) ၊ တပ်မဟာ (၆)၊ တပ်မဟာ (၇)တို့၏ တပ်မဟာမှူးများအပြင် ဗျူဟာမှူး သုံးဦးကို ပြောင်းလဲခန့်အပ်ခဲ့သည်။

ယခင် တပ်မဟာ (၄)၏ တပ်မဟာမှူးဖြစ်သူ ဗိုလ်မှူးချုပ် စောလေးမူ နေရာအား ဒုတိယဗိုလ်မှူးကြီး စောဖိုးလေး၊ တပ်မဟာ (၆)၏ တပ်မဟာမှူးဖြစ်သူ ဗိုလ်မှူးချုပ် စောဆာမိစေးဖိုး နေရာအား ဗိုလ်မှူးကြီးစောကို့ထူး၊ တပ်မဟာ (၇)၏ တပ်မဟာမှူးဖြစ်သူ ဗိုလ်မှူးချုပ် စောဖောဒို နေရာအား ဗိုလ်မှူးကြီး စောဒိုကွယ်ထူးတို့ဖြင့် ပြောင်းလဲခန့်အပ်လိုက်ကြောင်း ကရင်အမျိုးသားမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။

“တပ်ဘက်နဲ့ဆိုင်တဲ့ ကိစ္စကျတော့ တပ်မှူးကြီးတွေ၊ အထူးသဖြင့် KNLA ရဲ့ စစ်ဌာနချုပ်မှာရှိတဲ့ တပ်မှူးကြီးတွေက အစည်းအဝေးထိုင်ပြီးတော့ သင့်တော်သလို အပြောင်းအရွေ့ လုပ်ကျတာပဲလေ။ ဒါက သူတို့ လုပ်ပိုင်ခွင့်ထဲမှာပဲ လုပ်နေတဲ့ ကိစ္စဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံရေး၊ စစ်ရေးနဲ့ ဘာမှပတ်သက်တာ မရှိဘူး။ ကျွန်တော်တို့ နိုင်ငံရေး၊ စစ်ရေးမှာလည်း ဘာမူဝါဒမှ အပြောင်းအလဲမရှိပါဘူး။ KNU က နိုင်ငံရေးဦးဆောင်မှု အခန်းမှာ ရှိနေတယ်။ KNLA က အဲဒီနိုင်ငံရေးဦးဆောင်မှုကို အကောင်အထည်ဖော်တဲ့ အပိုင်းပဲရှိပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

ထို့ပြင် ဗိုလ်မှူးကြီးအဆင့်ရှိသည့် တပ်မဟာ (၄) ၊ တပ်မဟာ (၆)၊ တပ်မဟာ (၇)တို့၏ ဗျူဟာမှူးများ နေရာတွင်လည်း စောလေးသေ့၊ စောနယ်ဒါးထူး၊ စောဖိုးဒူတို့ဖြင့် ပြောင်းလဲခန့်အပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မကွေးစသည့် လက်နက်ကိုင် ခုခံမှု ပြင်းထန်သည့် ဒေသများသို့ လေကြောင်းမှတဆင့် တိုက်ခိုက်မှုများ အရှိန် အဟုန်မြှင့် ပြုလုပ်လျက်ရှိသည်။ ထိုသို့ပြုလုပ်ရာတွင် ရုရှားထုတ် Yak-130 တိုက်လေယာဉ်များကို အဓိကအသုံးပြုနေပြီး ၎င်းတို့ထံ လက်ရှိရောက်ရှိနေသော SU 30 တိုက်လေယာဉ်နှစ်စီးကိုပါ အားဖြည့်အသုံးပြုသွားရန် ပြင်ဆင်နေကြောင်း သိရသည်။

ပုံစာ-ရုရှားနိုင်ငံထုတ် SU-30SME ဘက်စုံသုံး တိုက်လေယာဉ်များ

#စစ်ကောင်စီ #လေယာဉ်နှင့်လက်နက်ကြီးများသုံး #ဗုံးကြဲတိုက်ခိုက် #KNU #နိုင်ငံတကာအရေးယူမှုများ #Ayeyarwaddy_Times