ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၁၄ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်းတွင် စားအုန်းဆီ တိုးထုတ်နိုင်ရန်ဖိအားပေးနေပြီး တနင်္သာရီ တိုင်းတွင် တန်ချိန် ၂၀ ထွက်မည့် စားအုန်းဆီစက်ရုံကို လာမည့်နှစ်အတွင်း တည်ဆောက်မည် ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီနှင့် စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်း၍ တစ်ရက်လျှင် တန်ချိန် ၂၀ ထွက်ရှိကာ ဆီပိဿာချိန်အားဖြင့် ၁၂၀၀၀ ပိဿာထွက်နိုင်မည့် စားအုန်းဆီချောစက်ရုံကို လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ပြည်ပကနေ စားအုန်းဆီ တင်သွင်း နေရမှုကိုလျော့ချပြီးတော့ ၂၀၂၅ ခုနှစ်မှာ ပြည်တွင်း စားသုံးဆီဖူလုံပြီး ပြည်ပကို ပြန်လည်တင်ပို့နိုင်တဲ့ Exporter အဆင့်ရောက်အောင် ဆောင်ရွက်လျက်ရှိတယ်” ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောကြားလေ့ရှိသည်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ကုမ္ပဏီပေါင်း ၃၉ ခုက ဆီအုန်းစိုက်ဧကပေါင်း ၄ သိန်း စိုက်ပျိုးထားပြီး တစ်ဧကပျှမ်းမျှ ဆီသီးခိုင်အထွက်နှုန်း ၂ ဒသမ ၈ တန်ထွက်ရှိ ကြောင်း စစ်ကောင်စီလက်အောက်ခံ တနင်္သာရီတိုင်း စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။

“ဆီအုန်းစိုက်ခင်းတွေက စိုက်နေတာတော့တွေ့တယ်။ စိုက်တာတော့စိုက်တယ်။ ဒီမှာ လည်း စားအုန်းဆီ ရှားတယ်။ ဈေးကြီးပေးသုံးနေရတယ်” ဟု ထားဝယ်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါစိုက်ခင်းများမှ ဆီအုန်းသီးခိုင်များထွက်ရှိနေကာ တစ်တန်လျှင် ကျပ် သိန်းကျော် ပေါက်ဈေးရှိပြီး တနင်္သာရီတိုင်းအတွင်းရှိ ဆီးကြမ်းစက်ရုံခြောက်ခုထံ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်း တစ်ခုသာ ဆီအုန်းစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ဆီအုန်းစတင်စိုက်ပျိုးချိန်မှစ၍ ငါးနှစ်ခန့်အကြာတွင် စီးပွားဖြစ်စတင်ဆွတ်ခူးနိုင် မည်ဖြစ်ပြီး ဆီအုန်းသည် နှစ်ပေါင်း ၂၀ ကျော်ကြာသည်အထိ ဆီသီးခိုင်များ ထုတ်လုပ်နိုင်မည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

စစ်ဗိုလ်ချုပ်ကြီးများအပါအဝင် ခရိုနီများသည် ယခင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူး ကြီးဟောင်း ဦးသန်းရွှေလက်ထက်တွင် ဆီအုန်းစိုက်ပျိုးရေးအတွက် မြေဧကများစွာ ရယူထားပြီး စိုက်ပျိုးရေးလုပ်ဆောင်ခြင်း မရှိဘဲ သစ်ထုတ်ရောင်းစားခြင်းများ ပြုလုပ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

စစ်ကောင်စီသည် ဆီစျေးနှုန်း ကျဆင်းစေရန် ဆီလုပ်ငန်းရှင်းအား ဖမ်းဆီးခဲ့ပြီးနောက် စျေးကွက်အတွင်း စားအုန်းဆီ ရောင်းချမှု ရပ်ဆိုင်းသွားပြီး သတ်မှတ်စျေးဖြင့် ရောင်းချသည့် နေရာများတွင် တန်းစီစောင့်ဆိုင်းကာ ဝယ်ယူနေရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#စစ်ခေါင်းဆောင် #ဆီထုတ်လုပ်ရန် #တန်ချိန်၂၀ထွက် #စားအုန်းဆီချောစက်ရုံ