
နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာ၁၄ရက်
ကရင်ပြည်နယ် မြဝတီမြို့နယ် KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်းစစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ရန် စစ်ကောင်စီတပ်အင်အား အများအပြားနှင့် ဝင်ရောက် ထိုးဖောက်နေကြောင်း တော်လှန်ရေးအင်အား စုများထံက သိရသည်။
စစ်ကောင်စီတပ်သည် ထိုင်း-မြန်မာ နယ်စပ် မြဝတီ မြို့နယ်အတွင်း သာမကဘဲ ထိုင်းနိုင်ငံ အုန်းဖန်မြို့နယ်အတွင်းသို့ပါ ဝင်ရောက်၍ လူအင်အား လက်နက်ခဲယမ်းအင်အားများကို ဖြည့်တင်းမှုများ ပြုလုပ်လာနေကြောင်း မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်များထံက သိရသည်။
“ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ စစ်ကောင်စီတပ်က အင်အား ၂၀ လောက် ထိုင်းနိုင်ငံ အုန်းဖန်မြို့နယ် လေးတော်ခိုး ကျေးရွာထဲကို ဝင်ရောက်ခိုလှုံတယ်။ နောက် စစ်ကောင်စီတပ်သားအင်အား ၁၀၀ ကျော်လောက် လက်နက် ခဲယမ်းအပြည့်အစုံနဲ့ ရောက်ရှိ နေတယ်ဆိုတာကို စစ်ရေးသတင်းမြစ်တွေဆီကနေ ကျွန်တော်တို့ သိရတယ်” ဟု တပ်မဟာ (၆) နယ်မြေအတွင်း တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုင်းနိုင်ငံ အုန်းဖန်မြို့ရှိ ဒေသခံများ၏ သတင်းပေးပို့မှုအရ မြန်မာနိုင်ငံရှိ စစ်ကောင်စီ တပ်သားများ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်နေသည့်အကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီး ထိုင်းနိုင်ငံ၊ တာ့ခရိုင်အတွင်းတွင် စစ်ကောင်စီ တပ်သား များ သွားလာလှုပ်ရှားနေသည်ကို ရုပ်သံမှတ်တမ်းများနှင့်တကွ လူမှုကွန်ရက်များတွင် ဖော်ပြလာခဲ့သည်။
“စစ်ကောင်စီတပ်က မြဝတီကနေ သံချပ်ကာ ကားတွေ ၊ ရိက္ခာ ခဲယမ်းတွေ သယ်ယူတဲ့ ကားတွေနဲ့ ဝင်ရောက်လှုပ်ရှားမှု လုပ်နေတာ သတင်းတွေရတယ်။ စစ်ကောင်စီတပ်က သူတို့ အဓိကအားထားရတဲ့ လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို ပြန်လည်ရယူဖို့ ကြိုးစားလာတာ။ လေကြောင်းကော ကုန်းကြောင်းကပါ အကြိမ်ကြိမ် စစ်ရေး လှုပ်ရှားမှု့တွေလုပ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာ။ အင်အား အလုံးရင်း သုံးပြီး လာတိုက်နေတာ။ တိုက်တိုင်းလည်း အသေအပျောက်များပြီး ပြန်ပြေးနေရတော့ နည်းလမ်းပေါင်းစုံ သုံးပြီးချဉ်းကပ်ဖို့ကြိုးစားတာဖြစ်မယ်” ဟု မြေပြင်ရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်က ဆိုသည်။
ထိုင်းနိုင်ငံအတွင်းသို့ မြန်မာစစ်ကောင်စီတပ် စစ်သားများက လက်နက်ခဲယမ်း အပြည့်စုံနှင့်ဝင်ရောက်လာမှု့အပေါ် ထိုင်းနိုင်ငံ အစိုးရအနေဖြင့် စုံစမ်းစစ်ဆေးမှု့တွေ ပြုလုပ်ပေးရန် ထိုင်း Fair Party လွှတ်တော်အမတ် Kannavee. Saebsang က တောင်းဆိုမှုတစ်ရပ် ပြုလုပ်ခဲ့သည်ကို ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
ဓာတ်ပုံ-ဒေသခံ
ပုံစာ- ထိုင်းနိုင်ငံ အုန်းဖန်မြို့ အတွင်းဝင်ရောက်နေသည့် စစ်ကောင်စီတပ်သားများ
ပုံစာ-ထိုင်း Fair Party လွှတ်တော်အမတ် Kannavee. Saebsang
#စစ်ကောင်စီတပ် #ကရင်ပြည်နယ် #နည်းမျိုးစုံသုံးစစ်ရေးလှုပ်ရှား #ထိုင်းနိုင်ငံအုန်းဖန်မြို့ #လက်ခတ်တောင် #Ayeyarwaddy_Times