ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် ခလရ (၁၈) တပ်တွင်းမှ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ)သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်နေ့ ညပိုင်းက စစ်ကောင်စီ သတင်းပေး လုပ်ဆောင်နေသူ ၂၀ ဦးထက်မနည်းကို ခေါ်ယူစစ်ဆေးကာ တစ်ဦးလျှင် အရက်တစ်ဝိုင်း နှင့် ငွေကျပ်သုံးသိန်း ထက်မနည်း လစဥ် ပေးရမည်ဟု ငွေညှစ်တောင်းခံမှု များရှိကြောင်း သိရသည်။

ဟင်္သာတမြို့တွင်းရှိ စစ်ကောင်စီသတင်းပေးလုပ်ဆောင်နေသူ ၂၀ ဦးထက်မနည်းကို စရဖ အဖွဲ့မှ ခလရ ၁၈ တပ်တွင်းသို့ ခေါ်ယူစစ်ဆေးခဲ့ပြီး စစ်ဆေးခံရသူအများစုမှာ အာဏာသိမ်း စစ်ကောင်စီတပ်ကို ထောက်ခံသည့် ကြံ့ခိုင်ရေးပါတီဝင် လုပ်ငန်းရှင်များ ဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံက သိရသည်။

“မြို့ထဲမှာ သတင်းပေးလုပ်နေတဲ့ အယောက်၂၀ လောက်ကို ခလရ ၁၈ထဲမှာ ခေါ်စစ်တာ။ ဘာသတင်းရလို့လည်းတော့မသိဘူး။ ‌မြို့ထဲက လုပ်ငန်းရှင်တွေ၊ ဈေးဆိုင်ရှင်တွေကြီးပဲ ခေါ်စစ်ခံရတာ”ဟု မြို့နယ်ကြံ့ခိုင်ရေးပါတီ အလုပ်အမှုဆောင်အဖွဲ့နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ရာတွင် တော်လှန်ရေးအင်အားစုများ၏ သတင်းများ ကိုစုံစမ်းရန်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ မြို့တွင်းသို့ဝင်ရောက်ပါက လျို့ဝှက် သတင်းပေးရန်၊ လုပ်ငန်းရှင်များဖြစ်၍ အခွန်ပေးဆောင်ရန် ပြောဆိုခဲ့ပြီး ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကာ လစဉ်အရက်တစ်ဝိုင်းနှင့် ငွေကျပ်သုံးသိန်း ပေးရန်လည်း ငွေညှစ်တောင်းခံခဲ့‌ကြောင်း သိရသည်။

“အခွန်ဆောင်ဖို့ကိစ္စတွေနဲ့ PDF သတင်းတွေကိုစုံစမ်းခိုင်းတယ်။ သတင်းတွေ ပေါက်ထွက် တာတွေကိုလည်း စစ်မေးတယ်။ လျို့ဝှက်ပြီး သတင်းပေးဖို့ကိုပါပြောတာ။ နောက်ပြီးတစ်လကိုအရက်တစ်ဝိုင်းနဲ့ ငွေသုံးသိန်းရှာပေးရမယ်တဲ့။ အခု စစ်မေးခံရတဲ့ သူတွေကိုပဲ လတိုင်းပေးဖို့ တောင်းတာ” ဟု ခေါ်ယူစစ်ဆေးခံရသည့် လုပ်ငန်းရှင်က ဆိုသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ပထမပတ်ကစတင်၍ ဟင်္သာတမြို့ အဝင်အထွက် နေရာများတွင် အင်အားအများအပြားဖြင့် စစ်ဆေးမှုများရှိနေပြီး စစ်ကောင်စီ သတင်းပေးလုပ်ဆောင်သူများကိုလည်း စရဖ အဖွဲ့က မကြာခဏ ခေါ်ယူစစ်မေးကာ ငွေညှစ်တောင်းခံမှုများရှိကြောင်း သိရသည်။

ဓာတ်ပုံ-ခလရ (၁၈)တပ်နေရာကိုတွေ့ရစဥ်

#ဟင်္သာတမြို့ #ခလရ၁၈ #စအဖများ #စစ်ကောင်စီသတင်းပေးများ #ခေါ်ယူစစ်ဆေး #အရက်တစ်ဝိုင်းငွေကျ