
ဧရာဝတီတိုင်းမ်
(ရေး)၊ စက်တင်ဘာလ ၁၅ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ -၅၉၁ တပ်ရင်းနှင့် ခမရ- ၅၉၁ တပ်ရင်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းစစ်ကြောင်းတို့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က လက်နက် ကြီးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ခမရ-၅၉၁ တပ်ရင်း နှင့် ခမရ-၅၈၃ တပ်ရင်းများကို ၁၅ မိနစ် ကျော်ကြာ လက်နက်ကြီးများဖြင့် တစ်ပြိုင်နက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒုဗိုလ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦး၊ စစ်ကောင်စီတပ်သားတစ်ဦး၊ တပ်သားအမျိုးသမီး တစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့ပြီး ခုနစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Ye Guerrilla Force ထံကသိရသည်။
” စစ်တပ် ဘက်ကတော့ PDF တွေ လာပစ်လို့ ဒေသခံတွေထဲကျတယ်ဆိုပြီး ပြောနေတာ။ ဒါတွေကတော့သူ တို့ရဲလုပ်ရိုးလုပ်စဥ်ပဲ။ သူတို့ရဲ့ လုပ်ရပ်တွေက ဘယ်တုန်းကမှ မှန်ကန်မှု ဆိုတာမရှိဘူး။ သူတို့ဘက်က ဘာပဲလုပ်လုပ် အကြမ်းဖက် PDF ကလုပ် တယ်ဆိုပြီတော့ လုပ်ဇာတ်ထွင်ပြီးပြောနေ လုပ်ပြနေကြပဲ။ ပြည်သူတွေကတော့ အကြမ်းဖက် စစ်ကောင်စီဘက်ကလုပ်တယ်ဆိုတာသိကြမှာပါ” ဟု Ye Guerrilla Force တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်က ခြိမ်းခြောက်ထားသည့် “တပ်ကိုထိရင် ရွာကိုပစ်မယ်” ဆိုသည့် အတိုင်း စစ်ကောင်စီ၏ ခမရ-၅၈၃ တပ်ရင်း နှင့် ခမရ-၅၉၁ တပ်ရင်းတို့သည် ၈၁-မမ လက်နက်ကြီး သုံး လုံး၊ ၆၀မမ လက်နက်ကြီး ငါး လုံး နှင့် ၇၉-မမ လက်နက်ကြီး အချက်ရေ အများအပြားဖြင့် ကျေးရွာများအတွင်းသို့ ပြန်လည်ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ ခြောက် ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စစ်တပ်က တိုက်ခိုက်မှုမပြီးခင်ရော၊ တိုက်ခိုက်မှုပြီးချိန်ရောမှာ နေရာတော်တော် များများကို လက်နက်ကြီး ရမ်းသန်းပြီးပစ်တယ်။ အဲဒီနေ့ (စက်တင်ဘာ ၁၂ ရက်နေ့) ညမှာလည်းထပ်ပစ်သေးတယ်” ဟု YGF တာဝန်ရှိသူက ဆိုသည်။
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် PDF မှပစ်ခတ်သည့်လက်နက်ကြီး ကျောင်းရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး လေး ဦးတို့ထိခိုက်ဒဏ်ရာရရှိသည်ဟု ဖော်ပြ ထားသည်။
အဆိုပါ စစ်ကောင်စီ တပ်ရင်းများကို ဒေါနစစ်ကြောင်း၊ မွန်တော်လှန်ရေးတပ် (MSRF)၊ ရေးကာကွယ်ရေးတပ်(YDF)၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း( MSRO)၊ ABSDF တပ်ရင်း(၁)၊ YAF ၊ KNLAတပ်ရင်း-၂၇ နှင့် YGF-ရေးပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်းကာ စစ်ဆင်ရေးပြုလုပ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – Ye Guerrilla Force
#ရေးမြို့ #ခမရ၅၉၁ #ခမရ၅၈၃ #လက်နက်ကြီးဖြင့်တိုက်ခိုက်ခံရ #စစ်ကောင်စီတပ်သား #၄ဦးသေ #ဒေသခံ၆ဦး #လက်နက်ကြီးထိမှန် #Ayeyarwaddy_Times