
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၄ ရက်
စစ်ကောင်စီရဲ့ အဓိက ဝင်ငွေရပေါက်ဖြစ်တဲ့ နိုင်ငံပိုင် ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်အ ရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူက စက်တင်ဘာလ ၁၃ ရက်မှာ အမေရိ ကန်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်းနဲ့ ပြင်ပရှိ စစ်ကောင်စီရဲ့ နှိပ်စက်မှုခံရသူတွေအတွက် လူသားချင်းစာနာမှု အကူအညီ ပေးအပ်ဖို့ အမေရိကန်နိုင်ငံအတွက် အရေးကြီးတယ်လို့ အမေရိကန် လွှတ်တော်အမတ်ဟောင်း ကုလသမဂ္ဂ အ ထူးအစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက ပြောပါတယ်။
“ကျွန်တော်တို့ ဒဏ်ခတ်အရေးယူမှုတွေ ပိုမို ပြုလုပ်ဖို့ လိုအပ်နေပါပြီ။ ဉရောပသမဂ္ဂလို စစ်ကောင်စီရဲ့ တစ်ခုတည်းသော အကြီးမားဆုံး ဝင်ငွေရပေါက်ဖြစ်တဲ့ MOGE ကို ချက်ချင်း ဒဏ်ခတ်အရေးယူဖို့ အမေရိကန်နိုင်ငံ ကို ကျွန်တော် တိုက်တွန်းပါတယ်” လို့ သူက ဆိုပါတယ်။
“စစ်ကောင်စီရဲ့ ဝင်ငွေရပေါက်ကို ဖြတ်တောက်နိုင်ရင် သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်နိုင် မှာဖြစ်ပါတယ်” လို့ သူက အမေရိကန်ကွန်ဂရက် လူ့အခွင့်အရေးကော်မရှင်ရဲ့ ကြားနာပွဲမှာ ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်လက်နက်ရရှိမှုကို ပိတ်ဆို့ဖို့ အခြားတိုင်းပြည်တွေနဲ့ လက်တွဲဆောင်ရွက်ဖို့လည်း သော မတ်အန်ဒရူးက အမေရိကန်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း အရပ်သား ၃၉၀၀ ကျော် သေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက် မှုတွေကို ကူညီပေးနေတဲ့ ကုမ္ပဏီတွေ သို့မဟုတ် လူပုဂ္ဂိုလ်တွေကို အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့လအတွင်း ဒဏ် ခတ်အရေးယူခဲ့ပါတယ်။
အမေရိကန်နိုင်ငံက ဇန်နဝါရီလအတွင်း MOGE ဉီးဆောင်ညွှန်ကြားရေးမှူးနဲ့ အထွေထွေမန်နေဂျာတို့ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ခဲ့ပေမယ့် MOGE ကိုတော့ ထပ်မံ အရေးယူနိုင်ခြင်း မရှိသေးပါဘူး။
အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ဟာ ပြည်ပမှ ဒေါ်လာ တစ်ဘီလီယံတန်ကြေးရှိ စစ်လက်နက်နဲ့ အခြားကုန်ကြမ်းတွေ ဝယ်ယူခဲ့တယ်လို့ မေလအတွင်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ခုမှာ အန်ဒရူးက ပြောကြား ခဲ့ပြီး အတိုက်အခံတွေကို ချေမှုန်းတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ကူညီပေးတာ ရပ်တန့်ဖို့ ရုရှားနဲ့တရုတ် ကို တောင်းဆိုခဲ့ပါတယ်။
ကိုးကား – The Straits Times
Ref; UN rights expert urges US to go further with sanctions against Myanmar junta