နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ရက်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ မိုင်းနောင်ကျေးရွာအနီးတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းမှစတင်၍ စစ်ကောင်စီတပ် နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျေးရွာအတွင်းတွင် ဒေသခံပြည်သူ ၅၀၀၀ ကျော်ပိတ်မိနေကြောင်း ဒေသခံများ ထံကသိရသည်။

စစ်ကောင်စီတပ်၏ ခလရ(၁၁၁) တပ်ရင်းသည် မိုင်းနောင်ရွာအတွင်းသို့ စစ်ကြောင်း ထိုးဝင်ရောက်လာ၍ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ များ ဖြစ်ပွားနေခြင်းဖြစ်ပြီး နတ်မွန်းကျေးရွာ၊ မောင်မောင်ကိုင်ကျေးရွာနှင့် မိုင်းနောင်ကျေးရွာများရှိ ဒေသခံများ ပိတ်မိနေခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်။ KIA နဲ့ PDF ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဒေသခံတွေကို အကြောင်းမဲ့ အပြင်ထွက်သွားလာမှု တွေမပြုလုပ်ဖို့ သတိပေးထားပါတယ်။ နှစ်ဖက် တိုက်ပွဲများက ပြင်းထန်တာမို့ ထိခိုက်သေဆုံးမှုတွေ အများအပြားရှိနိုင်တယ်” ဟု မိုင်းနောင်ကျေးရွာရှိ ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီနှင့် KIA ၊ PDF ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည့်နေရာသည် အင်းတော်ကြီးဘုရား တည်ရှိရာနယ်မြေဖြစ်ပြီး စစ်တပ် အာဏာ မသိမ်းမီက နိုင်ငံခြားသား ခရီးသွားဧည့်သည် အများအပြား လာရောက်သည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

ပုံစာ- စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ပွားရာနေရာ

#မိုင်းနောင်ကျေးရွာ #စစ်ကောင်စီတပ် #ဒေသကာကွယ်ရေးတပ်ဖွဲ့KIAPDF #တိုက်ပွဲဖြစ်ပွား #ဒေသခံများပိတ်မိ #Ayeyarwaddy_Times