
ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်
ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် စက်တင်ဘာလ ၁၀ရက်နေ့မှ စတင်၍ မြစ်ရေမြင့်တက်ကာ ရေ၀င်ရောက်မှုများကြောင့် စာသင်ကျောင်း ၁၅ ကျောင်းကို ယာယီပိတ်ထားရကြောင်း စစ်ကောင်စီ၏ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနက သိရသည်။
မြန်အောင်မြိုနယ်နှင့် ဓနုဖြူမြို့နယ်တို့တွင် ဧရာ၀တီမြစ်ရေ မြင့်တက်လာပြီး စာသင် ကျောင်းများ နစ်မြုပ်၍ မူလတန်းကျောင်း၁၀ကျောင်း၊ အလယ်တန်း(ခွဲ)နှင့် အထက်တန်းကျောင်း ငါး ကျောင်းကို ၇ ရက်ခန့် ယာယီပိတ်သိမ်းလိုက် ရကြောင်း သိရသည်။
“လောလောဆယ်တော့ စက်တင်ဘာ ၁၈ရက်နေ့ လောက်ထိ ပိတ်ပေးထားတယ်။ မြစ်ရေပြန်ကျသွားရင်တော့ ပညာရေးဌာနနဲ့တိုင်ပင်ပြီး ပြန်ဖွင့်ပေးမယ်။ မြန်အောင်မှာက ၁၁ ကျောင်း၊ ဓနုဖြူမှာက လေးကျောင်းပါ” ဟု တိုင်းဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၀န်ထမ်းတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။
ဧရာ၀တီမြစ်ရေ မြင့်တက်လာမှုကြောင့် ဧရာ၀တီတိုင်းရှိမြို့နယ်တချို့ရှိ မြစ်ကမ်းဘေး ကျေးရွာများတွင် ရေနစ်မြုပ်မှုများရှိနေသောကြောင့် ကျေးရွာဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ များတွင်ရွှေ့ ပြောင်းနေထိုင်မှုများရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မုတ်သုံလေအားကောင်းနေသဖြင့် နိုင်ငံတဝန်း မိုးရွာသွန်းမှု အားကောင်းနေကာ ဧရာဝတီတိုင်းတွင် ဧရာဝတီမြစ်နှင့် ငဝန်မြစ်ရေ မြင့်တက်နေပြီးဒေသခံများ သတိပြုနေထိုင်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ) က ထုတ်ပြန်ထားသည်။
ပုံစာ-ဧရာ၀တီတိုင်းအတွင်းရှိ ရေနစ်မြုပ်နေသည့်စာသင်ကျောင်းများ
#မြစ်ရေ၀င်ရောက် #ဧရာ၀တီတိုင်း #စာသင်ကျောင်း၁၅ကျောင်း #ယာယီပိတ်ထား #Ayeyarwaddy_Times