ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၄ ရက်

စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က မြန်မာနိုင်ငံတွင် လူကုန်ကူးမှုများအပါအဝင် onlineမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ကျူးလွန်ရန် အဓမ္မခိုင်းစေခံရမှုများရှိနေသည့်တွက် တားဆီးနှိမ်နင်းသွားမည်ဟု ယမန်နေ့ စက်တင် ဘာ ၁၃ ရက်နေ့က ကျရောက်သည့် မြန်မာနိုင်ငံလူကုန် ကူးမှုတိုက်ဖျက်ရေး နေ့သ၀ဏ်လွှာတွင် ပြောကြားခဲ့ကြောင်း စစ်ကောင်စီပိုင် သတင်းစာများ တွင်‌ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လူမှုကွန်ရက်အပါအဝင် နည်းပညာများကို အလွဲသုံး၍ နိုင်ငံရေး မတည်ငြိမ်စေရန် လှုံ့ဆော်မှုများရှိနေကြောင်း လူကုန်ကူးမှုတား ဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အစည်းအဝေးတွင် စစ်ကောင်စီလက်အောက်ခံ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပြောကြားခဲ့ခြင်းဖြစ်သည်။

“နည်းပညာများကို အလွဲသုံးပြီး နိုင်ငံရေးမတည်ငြိမ်စေရန် လှုံ့ဆော်မှုများရှိနေတယ် ဆိုတာက ယနေ့ခေတ်မှာ နည်းပညာတွေထွန်းကားလာပြီး လူငယ်တွေရဲ့ နည်းပညာကို လိုက်ဖို့အခက်အခဲရှိလို့ အခုလိုပြောတယ်လို့မြင်ပါတယ်။ ကျွန်တော်တို့ ကရင်ပြည်နယ် ထဲမှာ လောင်းကစားလုပ်ငန်း၊ အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းတွေကို လုပ်နေ တာရော၊ အဲ့ဒီလူတွေကိုခွင့်ပြုနေတာကရော စစ်ကောင်စီကဆိုတာ တစ်နိုင်ငံလုံးလည်း သိတယ်၊ တစ်ကမ္ဘာလုံးလည်းသိတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးများအပါအဝင် onlineမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ၊ အဓမ္မခိုင်းစေခံရမှုများကြုံတွေ့နေရပြီး နိုင်ငံခြားသားများပါ လူကုန်ကူးခံရခြင်း ဖြစ်စဉ် များကြုံတွေ့နေရသည်။

အဆိုပါ ကိစစစရပ်များကို တားဆီးနှိမ်နင်းသွားမည်ဟုပြောနေသော်လည်း ထိုင်း-မြန်မာ နယ်စပ်ရှိ ရွှေကုက္ကိုလ်လောင်းကစားမြို့သစ်တွင်မူ စစ်ကောင်စီ လက်အောက်ခံ နယ်ခြား စောင့်တပ်(BGF) နှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းကာ လူကုန်ကူးမှု အပါအဝင် ဒုစရိုက်လုပ်ငန်းပေါင်းစုံကို လုပ်ကိုင်နေကြသည်။

စစ်ကောင်စီသည် လူကုန်ကူးမှုကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးခံရသူများကို ကာကွယ် စောင့်ရှောက်ရေး၊ လူကုန်ကူးသူများကိုအရေးယူရေးဟုဆိုကာ စီမံချက် အမျိုးမျိုးပြကာ လုပ်ဆောင်နေကြောင်းပြောဆိုနေသော်လည်း လက်တွေ့တွင် မြန်မာနိုင်ငံသည် လူကုန်ကူး လုပ်ငန်းများ၊ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ လုပ်ကိုင်ရာအဓိက နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။

ကုလသမဂ္ဂလူ့အခွင့်ရေး ကောင်စီ၏ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံတဝှမ်းတွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအတွက် အဓမ္မဖိအားပေးခိုင်းစေခံရသူပေါင်း ၁၂၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – ရွှေကုက္ကိုလ်မြို့တွင်းတစ်နေရာ

#လူကုန်ကူး #အွန်လိုင်းလိမ်လည်မှု #စစ်ကောင်စီ #BGF #Ayeyarwaddy_Times