ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၁၄ ရက်

စစ်ကောင်စီတပ်မှ အရာရှိများအပါအ၀င် စစ်သားများ ခွင့်မဲ့ပျက် ကွက်လျှင် တပ်ပြေး အဖြစ်သတ်မှတ်ထားပြီး စစ်ကောင်စီတပ်မှ ထွက်ပြေးသူများအနက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(လပခ)က အများဆုံး ဖြစ်ကြောင်း သိရသည်။

ခွင့်မဲ့ပျက်ကွက်ဖြင့် တပ်‌ပြေးသည့်ထဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး နှင့် ဒုတပ်ရင်းမှူး ၂၀ ကျော်ရှိပါဝင်ပြီး နှစ်လအတွင်း ခွင့်မဲ့ပျက်ကွက်တွင် တပ်ပြေးသူ ၁၂၈ ဦး အထိရှိနေကြောင်း သိရသည်။

အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်ရှိ တပ်ရင်း၊ တပ်ဖွဲ့မှအရာရှိစစ်ဗိုလ်ချုပ်များ အပါအ၀င် ဗိုလ်ကြီးအဆင့်နှင့် အောက်ခြေစစ်သည်များသည် ကရင်နီပြည်နယ်နှင့် တိုင်းရင်းသားနယ်မြေများတွင် ဖြစ်ပွား‌နေသည့် ရှေ့တန်း စစ်မျက်နှာပြင်သို့ မလိုက်လို၍ ခွင့်မဲ့ပျက်ကွက်ဖြင့် တပ်တွင်း၌ တပ်ပြေးပြုလုပ်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“ရှေ့တန်းထွက်ရတာများတဲ့ စစ်ဒေသက တပ်ရင်းတွေမှာပါ အဲဒီလိုသတ်မှတ်ထားတာ။ ‌တပ်ပြေး ခွင့်မဲ့တွေက အလယ်ပိုင်းတိုင်းက ပိုများနေတာ။ များရတာကလည်း သူတို့က တပ်ရဲ့ ၀င်ထွက်စာရင်းကို သိ‌နေတော့ ရှောင်ပြေးကြတာ။ အခုကတပ်ထဲမှာ ခွင့်မဲ့ ၂ နာရီ ထိပျက်ကွက်ရင် တပ်ပြေး၊ CDM လို့သတ်မှတ်ထားတာ” ဟု အလယ်ပိုင်းတိုင်းနှင့် နီးစပ်သည့် တပ်တွင်းသတင်း ရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် တိုင်းရင်းသားနယ်မြေတို့ တွင် ၎င်းတို့၏တပ်ရင်း၊ တပ်ဖွဲ့များကို အင်အားတိုး၍ ပို့ဆောင်ကာ နယ်မြေရှင်းလင်းမှုနှင့် စစ်ကြောင်းထိုး ၀င်ရောက်မှုများပြုလုပ်နေခြင်း ဖြစ်သည်။

ယင်းသို့ အင်အားတိုးချဲ့ပို့ဆောင်နေသော်လည်း တိုင်းရင်းသားနယ်မြေနှင့် အညာဒေသ များတွင် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိနာကာ အကျဆုံးများလျက်ရှိကြောင်း ရုပ်သံဖိုင်နှင့်တကွထုတ်ပြန်ချက်များအရ သိရသည်။

ပုံစာ-ရှေ့တန်းရောက်စစ်ကောင်စီတပ်သားများ

#အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် #စစ်ကောင်စီတပ် #ခွင့်မဲ့တပ်ပြေး #၂လအတွင်း၁၀၀ကျော် #Ayeyarwaddy_Times