ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၁၃ ရက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ (၈) ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တွင် ယနေ့ စက်တင်ဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီ လက်အောက်ခံ ရဲအုပ်တစ်ဦး ထိုင်နေစဉ် ပန်းစည်းလာပေးသူမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က တပင်ရွှေထီးလမ်းရှိ လက်ဖက် ရည်ဆိုင်တွင်ထိုင်နေသည့် ရဲအုပ်အောင်သက်ထွေး ကိုလူတစ်ဦးမှပန်းစည်းလာပေး သဖြင့် လက်ခံယူနေစဉ် သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ပန်းစည်းလာပေးတာကို ယူနေတုန်း သေနတ်နဲ့ပစ် သွားတာ။ သေမသေတော့မသိဘူး။ ဆေးရုံကိုခေါ် သွားကြတယ်။ ရင်ဘတ်တွေကို ပစ်သွားတာ”ဟု ရွှေ ပြည်သာမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရဲအုပ်အောင်သက်ထွေးသည် သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခံရပြီး ရင်အုံတွင် ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့ကြောင်း သိရပြီး အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့မှ ပြုလုပ်ခဲ့ကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အတည်ပြု၍မရသေးပေ။

#ရန်ကုန် #ရွှေပြည်သာ #ပန်းစည်းပေး #ရဲအုပ်သေနတ်ပစ်ခတ်ခံရ #Ayeyarwaddy_Times