ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊စက်တင်ဘာလ ၁၃ ရက်

တနင်္သာရီတိုင်း၊ထားဝယ်မြို့၊ မောင်မယ်ရှောင်ရွာ၊ နည်းပညာတက္ကသိုလ် အနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ် ဦး သေဆုံးခဲ့ကြောင်း DGRF တပ်ဖွဲ့ထံမှသိရသည်။

စက်တင်ဘာလ ၁၁ ရက် မွန်းလွဲ ၂နာရီ ၃၀ မိနစ်ဝန်းကျင်အချိန်က ထားဝယ်မြို့ နည်းပညာတက္ကသိုလ် အနီးရှိ စစ်ကောင်စီတပ်၏ ဘုရားမဲစစ်ဆေးရေးဂိတ်ကို DGRF တပ်ခွဲ (၂) နှင့် ဥသြ စစ်ကြောင်းတို့မှ စနိုက်ပါ နှင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးနှင့် ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

” အဲဒီ ဂိတ် မှာ ကင်းလှည့်ပြီးသွား နေတဲ့ စစ်ကောင်စီတပ်သား ကို စနိုက်ပါနဲ့ ပစ်ခဲ့တယ်။ ပြီး မှ မမလက်နက်ကြီး နဲ့ အဲဒီစစ်ဆေးရေးဂိတ် အတွင်းကို ထပ်ပြီးပစ်ထည့်ခဲ့တယ် “ဟု DGRF ၏ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ် ကိုပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား. နှစ်ဦး စနိုက်ပါ ထိမှန်ပြီး သေဆုံးသွားကြောင်းသိရသည်။ ယင်းနောက် ဘုရားမဲစစ်ဆေးရေးဂိတ်မှ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များကို စက်ကလေး ၊ လက်နက်ကြီးတို့ဖြင့် ပြည်လည်ပစ်ခတ်တိုက်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်၏ ဘုရားမဲစစ်ဆေးရေးဂိတ်သည် ထားဝယ် – ရန်ကုန် ပြည်ထောင်စု ကားလမ်းမပေါ်တွင် တည်ရှိပြီး ပြည်သူ့ကာကွယ်ရေး တပ်များက မကြာခဏဆိုသလို သွားရောက် တိုက်ခိုက်သည့် ဂိတ်စခန်းတစ်ခုလည်း ဖြစ်သည်။

ဓာတ်ပုံ-DGRF

#ထားဝယ် #ဘုရားမဲ #စစ်ဆေးရေးဂိတ် #PDF ပူးပေါင်းတပ် #ပစ်ခတ်တိုက်ခိုက် #စစ်ကောင်စီတပ်သား၂ဦးသေဆုံး #Ayeyarwaddy_Times