
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊စက်တင်ဘာလ ၁၃ ရက်
တနင်္သာရီ တိုင်း၊ ထားဝယ် -ရန်ကုန် ပြည်ထောင်စုကားလမ်းမကြီးကို နယ်မြေစိုးမိုးမိုးထိန်းချုပ်နိုင်ရေး ရေဖြူ အခြေစိုက် PDF ပူးပေါင်းတပ်များက ကြိုးပမ်းလုပ်ဆောင်နေကြကြောင်းသိရသည်။
စက်တင်ဘာလ ၇ ရက် ညနေ ၃ နာရီခန့်အချိန်က ထားဝယ် -ရန်ကုန် ကားလမ်းမပေါ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက နယ်မြေစိုးမိုးရေးအတွက် စစ်ကောင်စီတပ်သားများ၏ အသွားအလာများကို လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
” ကျနော်တို့က နယ်မြေစိုးမိုးရေး ကို အဓိကဆောင်ရွက်နေပါတယ်။အမှတ် ၈ အဝေးပြေး လမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ ပတ်သက်တဲ့ အရာမှန်သမျှကို အဓိကဖြတ်တောက်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်နေတယ်”ဟု ကလိန်အောင်မြို့အခြေစိုက် ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရေဖြူ အခြေစိုက် PDF ပူးပေါင်းတပ်ဖွဲ့များအနေဖြင့်လည်း နယ်မြေစိုးမိုးရေး လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ ထိုကြောင့် ထားဝယ် – ရန်ကုန် ပြည်ထောင်စုလမ်းမပေါ်ရှိ သွားလာနေကြသည့် ယာဥ်မောင်းနှင့် ခရီးသွားပြည်သူလူထုများအနေဖြင့် လုံခြုံရေးအရ စစ်ဆေးမှုကို ပူးပေါင်းပါဝင်ပေးကြရန်နှင့် ပူးပေါင်းပါဝင်ပေးခဲ့ကြသည့် ခရီးသွားပြည်သူများကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ရေဖြူ အခြေစိုက် PDF ပူးပေါင်းတပ်များက ပြောသည်။
ထားဝယ် – ရန်ကုန်ကားလမ်းမပေါ် တွင် နယ်မြေစိုးမိုးနိုင်ရေး စစ်ဆေးမှုများကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် ကော်သူလေးအာမီ (Kaw Thoo Lei Army)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YP-PDF)၊ ကလိန်အောင်မြို့အခြေစိုက် ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (K.L.A.S.B.L PDF) တို့မှ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ-စက်တင်ဘာလ ၇ ရက်နေ့က ထားဝယ် – ရန်ကုန် ကားလမ်းမပေါ်တွင် စစ်ဆေးနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
#ထားဝယ်ရန်ကုန် #ပြည်ထောင်စုကားလမ်းမ #နယ်မြေစိုးမိုးနိုင်ရေး #ရေဖြူPDFပူးပေါင်းတပ်ဖွဲ့ #ကြိုးပမ်းလုပ်ဆောင် #Ayeyarwaddy_Times