
ဧရာတတီတိုင်းမ်
စက်တင်ဘာလ ၁၃ ရက်
ဧရာဝတီတိုင်း၊ မြောင်းမြမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ လဆန်းမှစတင်ကာ ညစဥ်ဧည့်စာရင်း စစ်ဆေးမှုနှင့် ကင်းလှည့်ချိန်တွင် ညအချိန်ကျော်လွန်၍ အပြင်ထွက်သည်ဟုဆိုကာ လူငယ်အမျိုးသား ငါးဦးကို ဖမ်းဆီး၍ ငွေကျပ်သုံးသိန်း တောင်းပြီး ပြန်လွတ်ပေးခဲ့ကြောင်းဒေသခံများထံကသိရသည်။
မြောင်းမြမြို့တွင်းရှိ ရပ်ကွက်နေရာအနှံ့နှင့် မြို့အဝင်အထွက်ဖြစ်သည့် ကွယ်လွယ်စစ်ဆေးရေးဂိတ်တို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်မှ စ၍စစ်ကောင်စီတပ် ၊ရဲ၊ပျူစောထီး(ပြည်သူ့စစ်)နှင့် ရပ်ကျေးအုပ်ချုပ်အဖွဲ့များမှ ညစဥ်ဧည့်စာရင်းစစ်ဆေးမှုနှင့် ကင်းလှည့်လည်မှုများပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
” ဧည့်စာရင်းစစ်တာပိုများလာတယ်။ မြို့အဝင်အထွက်ဂိတ်ဆိုရင်လည်း အရင်ထက်ပိုစစ်တယ်။ မြို့ထဲမှာက ညပိုင်း၈နာရီလောက်ဆို စစ်တပ်တွေ ရဲတွေကင်းလှည့်တာ အရင်ထက်ပိုများတယ်။ နောက်ပြီး ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေပါ အင်အားသုံးထားတယ်” ဟု အမှတ် ၁ ရက်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။
ယင်းကဲ့ သို့ ညစဥ်စစ်ဆေး ဆောင်ရွက်ချိန်တွင် ညပိုင်းအချိန်ကျော်လွန် အပြင်ထွက်သည်ဟု အကြောင်းပြ၍ အမှတ်၄ ရပ်ကွက်နှင့် အမှတ်၇ ရပ်ကွက်မှ လူငယ်အမျိုးသား ငါး ဦးထက်မနည်းကို စစ်ကောင်စီတပ်နှင့် ရဲအဖွဲ့ဖမ်းဆီးခဲ့ပြီး ငွေတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ညပိုင်းအလုပ်ပြန်လာတဲ့ လူငယ်လေးတွေ လှည့်ကင်းပတ်တာနဲ့ တွေ့တော့ စစ်ခံရတာဖြစ်မယ်။ ၄ ရပ်ကွက်ကကောင်လေး နှစ်ယောက်ကို စခန်းထဲဖမ်းသွားတယ် ။အိမ်ကနေငွေနဲ့လိုက်ရွေးမှပြန်လွတ်ပေးတာ ။တစ်ယောက်ကိုသုံးသိန်းပေးလိုက်ရတယ်။ ၇ရပ်ကွက်က ကောင်လေးသုံးယောက် ဒီအတိုင်း အပြင်ကပြန်လာတာ အချိန်ကျော်တယ် ဆိုပြီးဖမ်းခံရသေးတယ်” ဟု အမှတ် ၄ ရပ်ကွက် အတွင်း နေထိုင်သူတစ်ဦးကဆိုသည်။
မြောင်းမြမြို့တွင်းတွင် ပြီးခဲ့သည့်သြဂုတ်လအတွင်းကလည်း စစ်ကောင်စီတပ်နှင့် ရဲအဖွဲ့မှ လှည့်ကင်း လှည့်လည်နေစဥ်အတွင်း လူငယ်အမျိုးသား ၃ဦးကို ဖမ်းဆီး၍ ညအချိန်ကျော်လွန် အပြင်ထွက်သည်ဟု ဆိုကာ ထောင်ဒဏ်တစ်လချမှတ်ခဲ့သည်။
#မြောင်းမြ #လူငယ်၅ဦး #ညအချိန်ကျော် #ဖမ်းဆီး #တစ်ဦးလျှင် #ငွေကျပ်၃သိန်း တောင်း #ပြန်လွတ်ပေး #Ayeyarwaddy_Times