
ဧရာ၀တီတိုင်းမ်
(ကနီ)၊ စင်တင်ဘာလ ၁၃ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် စစ်ဘေးရှောင် ၅၀၀၀ ဝန်းကျင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးမှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်၍ စစ်ဘေးရှောင်နေရခြင်းဖြစ်ပြီး စစ်ရှောင်နေရသည်မှာ ၄၅ ရက်ကျော်ကြာ သည်အထိရှိနေပြီ ဖြစ်ကြောင်း ဒေသခံများထံ သိရသည်။
“ရက်အတော်ကြာပြီ ရှောင်နေတာ အဓိကလိုအပ်နေတာက စားနပ်ရိက္ခာ ၊ ဆေးဝါး ကတော့ အရမ်းလိုအပ်နေတယ်။ ရာသီဥတုကလည်း နေပူ၊ မိုးရွာနဲ့ အလုပ်ကမရှိ ဖျားကြနာကြ ကုန်စျေးနှုန်းကလည်းတတ် ငွေကမရှိနဲ့ အရမ်းကိုခက်ခဲနေတယ်” ဟု ကနီမြို့နယ် စစ်ဘေးရှောင်များကို ကူညီနေသူ ကိုပြည့်အောင်နိုင်ကဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ဘေးရှောင်များသည် ယင်းမာပင်မြို့နယ် အင်းပက်ကျေးရွာ ၊ ပတိမ်မြင် ကျေးရွာ၊ ကျောက်မှော် ၊ စုန်းချောင်း ၊ ကျွန်းပေါ် ၊ နှောပင် ၊ ကျောက်ကုန်း၊ ကြက်လျာ ကျေးရွာများမှဖြစ်ပြီး ကနီမြို့နယ်အတွင်းလာရောက်ကာ စစ်ရှောင်နေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“ဒီကောင်တွေ လာပြီဆိုတာနဲ့ပြေးကြရ၊ သူတို့ပြန်ထွက်သွားရင် ရွာပြန်၀င်လိုက်ကြနဲ့ စစ်ရှောင်ရတာ သံသရာလည်နေတယ်။ အကြိမ်ရေ ထပ်လာတော့ ပြည်သူတွေ အတော်လေး ဒုက္ခရောက် ကြရတယ်” ဟု ကိုပြည့်အောင်နိုင်က ဆိုသည်။
ထို့ပြင် ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ အသုံးပြုရန် ၀ယ်ယူစုဆောင်းသည့် ဆေး၀ါးများနှင့် စားနပ်ရိက္ခာများကို ဘုတလင်တွင် သိမ်းဆည်းထားစဥ် စစ်ကောင် စီစစ်ကြောင်းက တွေ့ရှိပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
လက်ရှိတွင်လည်း ကနီမြို့နယ်၊ စေသူသစ်ကွင်းတွင် စစ်ကောင်စီတပ်နှင့် ပွဲစားသစ်ကုန် သယ်များပူးပေါင်းကာ သစ်များကိုနေ့စဥ် ခိုးထုတ်လျက်ရှိနေကြောင်း ဒေသခံများက ဆိုသည်။
ဓာတ်ပုံ-ပြည့်အောင်နိုင်
#ကနီ #စစ်ဘေးရှောင်၅၀၀၀ဝန်းကျင် #စားနပ်ရိက္ခာနှင့်ဆေးဝါးများ #အရေးပေါ်လိုအပ် #Ayeyarwaddy_Times