ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၃ ရက်

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ထိပ်သီးဆွေးနွေးပွဲတစ်ရပ် မပြုလုပ်မီ သူ့ရဲ့ရုရှားခရီးစဉ်က နှစ်နိုင်ငံ ဆက်ဆံရေးမှာ မဟာဗျူဟာမြောက် အရေးပါမှုကို ဉီးစားပေးတဲ့ ရှင်းလင်းတဲ့ သရုပ်သကန်တစ်ခုဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောပါတယ်။

ကင်ဂျုံအန်ဟာ အင်္ဂါနေ့မနက် ၆ နာရီမှာ ရုရှားအရှေ့ဖျားဒေသ နယ်စပ်မြို့တစ်ခုဖြစ်တဲ့ ခါဆန်မြို့တော်ရှိ ဘူတာရုံတစ်ခုသို့ ကျည်ကာရထားတစ်စင်းနဲ့ ဆိုက်ရောက်လာခဲ့တယ်လို့ KNCA သတင်းဌာနက ဖော်ပြပါတယ်။

မော်စကိုနဲ့ ဒေသန္တရအစိုးရအဖွဲ့မှ တာဝန်ရှိသူတွေက ကင်ဂျုံအန်ကို ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။ ကင်ဂျုံအန်နဲ့ပူတင်ကြား ထိပ်သီးဆွေးနွေးမှုဟာ ၄ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ဆွေးနွေးမှုတွေထဲမှာ စစ် လက်နက်ဆိုင်ရာ သဘောတူညီချက်နဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးလည်း ပါဝင်နိုင်ပါတယ်။

ကင်ဂျုံအန်ရဲ့ ရုရှားခရီးစဉ် ရည်ရွယ်ချက်မှာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို မဟာဗျူဟာမြောက်အဆင့် တိုးမြှင့်ဖို့ဖြစ်တယ်လို့ KCNA က ဆိုပါတယ်။

သူ့ရဲ့ ရုရှားခရီးစဉ်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာတစ်ဝန်း ဖြစ်ပွားပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်တယ်လို့ ကင်ဂျုံအန်က ရုရှား တာဝန်ရှိသူတွေကို ပြောပါတယ်။

ခါဆန်မြို့တော်ရှိ ဘူတာရုံတစ်ခုမှာကျင်းပတဲ့ ကောဇောနီခင်း ကြိုဆိုပွဲအခမ်းအနားမှာ ရုရှား သဘာဝ အရင်းအမြစ်နှင့် ပတ်ဝန်းကျင်ဝန်ကြီး အလက်ဇန္ဒားကော့ဇ်လော့ဗ်၊ ပရီမော်စကီးခရိုင်မြို့တော်ဝန်တို့က ကင်ဂျုံ အန်အား ကြိုဆိုနေပုံကို ရုရှားမီဒီယာတွေထုတ်ပြန်တဲ့ ရုပ်သံဖိုင်တွေက ဖော်ပြပါတယ်။

ကင်ဂျုံအန်ဟာ ပူတင်နဲ့ တွေ့ဆုံဖို့ ၂၀၁၉ ခုနှစ် ဧပြီလမှာ ရုရှားအရှေ့ဖျားဒေသ၊ ဗလာဒီဗော့စတော့မြို့သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့တာဖြစ်ပါတယ်။

ကင်ဂျုံအန်ကို တင်ဆောင်လာတဲ့ အထူးကျည်ကာရထားဟာ အမည်မဖော်ပြထားတဲ့ ဒေသတစ်ခုသို့ ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

ကိုးကား – Korea JoongAng Daily
Ref; Kim Jong-un says visit shows “strategic importance” of ties with Russia

#Ayeyarwaddy_Times