
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၃ ရက်
ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၈ရက်နေ့မှစကာ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ထောက်ခံစာပါရှိမှသာ တစ်အိမ်ထောင်စုလျှင် စားသုံးဆီ တစ်ပိဿာ ဝယ်ယူခွင့်ရ ကြောင်း ဒေသခံများထံကသိရသည်။
ကန်ကြီးထောင့်မြို့တွင်းရှိ ရပ်ကွက်နေရာအလိုက် ပြီးခဲ့သည့် စက်တင်ဘာလ၅ရက်နေ့ကစတင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ထောက်ခံစာပါရှိမှသာ တစ်အိမ်ထောင်လျှင် စားသုံးဆီ တစ်ပိဿာကို သတ်မှတ်နှုန်းထား ၅၀၀၀ ကျပ်ဖြင့် ဝယ်ယူခွင့်ပြုထားကြောင်း အမှတ် ၁ရပ်ကွက်ဒေသခံအမျိုးသမီးတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
” ၅ရက်နေ့ထဲကဖြစ်နေတာ။ ရပ်ကွက်အုပ်ချုပ်ရေးရုံး ထောက်ခံစာမပါရင် ဆီမရောင်းပေးဘူးဆိုပြီး ပြန်လွတ်ခံရတယ်။ တစ်အိမ်ကို တစ်ပိဿာထက် ပိုမဝယ်ရဘူးလို့လည်း ကန့်သတ်ခံထားရတယ်” ဟု ၄င်းကပြောသည်။
အလားတူ ကန်ကြီးထောင့်မြို့နယ်အနီးရှိ ကျေးရွာဒေသခံများအနေဖြင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံစာများ ပြုလုပ်နေရပြီး ရန်ကုန်-ပုသိမ် ကားလမ်းမဘေး ဒါးကကျေးရွာရှိ စားသုံးဆီဆိုင်များတွင် စားသုံးဆီဝယ်ယူခွင့် ပြုထားကြောင်း ဒေသခံကျေးရွာသားများထံကသိရသည်။
” ရွာထဲကသူတွေက ဒါးကမှာစားသုံးဆီသွားဝယ်ခိုင်းတယ်။ ကိုယ့်ရွာမှာကိုယ်မဝယ်ရဘူးပေါ့။ တစ်ခါရောင်းမှ လူအယောက်တစ်ရာဆိုတော့ အဆင်မပြေဘူးဖြစ်နေတယ်” ဟု ဝါးဒူးကျေးရွာ ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလ ၁ရက်နေ့က စစ်ကောင်စီ၏ ညွှန်ကြားချက်အရဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ထွေအုပ်မှ စားသုံးဆီ တစ် ပိသာလျှင် ၅၀၀၀ ကျပ် ၊တအိမ်လျှင် တစ်ပိဿာ နှုန်း အကန့်အသတ်ဖြင့် ရောင်းချရန် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှ င့်ဆီဆိုင်လုပ်ငန်းရှင်များကို အစည်းအဝေးခေါ်ယူ သတိပေးခဲ့ကြောင်း သိရသည်။
#ကန်ကြီးထောင့် #ရပ်ကျေးထောက်ခံစာ #ပါရှိမှသာ #တစ်အိမ်လျှင် #ဆီတစ်ပိဿာဝယ်ယူခွင့်ရ #Ayeyarwaddy_Times