ဧရာဝတီတိုင်းမ်
(တွန်းဇံ)၊ စက်တင်ဘာ ၁၂ ရက်

ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)သည် ခရစ်ယာန်ဘာသာဝင်များ၏ နေ့ကြီး၊ နေ့မြတ်ဟု သတ်မှတ်ထားသော တနင်္ဂနွေနေ့(ဉပုပ်နေ့)တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)၏ အမှတ်-၂ တပ်စခန်းကို လာရောက်တိုက်ခိုက်ခဲ့သဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)၏ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးသွားကြောင်း သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)၏ အမှတ်-၂ တပ်စခန်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၉ နာရီခွဲဝန်းကျင်ခန့်တွင် ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)က လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)ဘက်ကလည်း ငါး ဦးဒဏ်ရာရရှိကာ နှစ် ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)ထံမှ သိရသည်။

“ကျွန်တော်တို့က နံနက် ၉ နာရီခွဲခန့်မှာ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်စတယ်လေ။ သူတို့က အချိန်ကို ကြည့်ပြီးတော့ ဘုရားဝတ်ပြုတဲ့အချိန်မှာ လာတိုက်သွားခြင်းဖြစ်တယ်။ ကျွန်တော်တို့ဘက်က ကင်းစောင့်ဖို့ တက်တဲ့အချိန်မှာ သူတို့က စောင့်ကြိုပစ်ခတ်တဲ့အတွက် ပွဲချင်းကျဆုံးသွားတယ်”လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ)၏ အထွေထွေအတွင်းရေးမှူးနှင့်ပြောရေးဆိုခွင့်ရှိသူဦးထန်ဆွမ်းမုန်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

ထိခိုက်ဒဏ်ရာရရှိမှုများပြားသော ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)၏ လာရာလမ်းကြောင်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)က ပိတ်ဆို့ခဲ့ရာ တွန်းဇံမြို့နယ်၊ လုံသပ်ကျေးရွာရှိ ဒေသခံများ၏ ဆိုင်ကယ် ခုနှစ် စီးကို ချောဆွဲ၍ အခြားကျေးရွာဘက်သို့ ထွက်ပြေးခဲ့ကြကြောင်းသိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)သည် အာဏာသိမ်းစစ်ကောင်စီနှင့် အပေါင်းအပါများကို တိုက်ခိုက်ချေမှုန်းရန် ထူထောင်ထားခြင်းဖြစ်ပြီး ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)ကို တိုက်ခိုက်ရန် ဖွဲ့စည်းထူထောင်ထားခြင်း မဟုတ်ကြောင်းကို သတင်းစကားပါးလိုကြောင်းချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ) ထံမှ သိရသည်။

“သူတို့က တနင်္ဂနွေနေ့၊ ဉပုဒ်နေ့တောင် မရှောင်ဘဲနဲ့ လာတိုက်တဲ့အတွက် ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့ဟာ စစ်ကောင်စီပြုတ်တဲ့အချိန်မှာ သူတို့လည်းပြုတ်မယ်ဆိုတာ ကျွန်တော်တို့က ရှင်းရှင်းလင်းလင်းသိသွားပြီ။ ဆိုတော့ကျွန်တော်တို့က ထူးထူးထွေထွေသိပ်ပြီးတော့လည်း တိုက်စရာမလိုတော့ဘူး။ အမျိုးအချင်းချင်းဆိုတော့ ဇိုမီးလက်နက်ကိုင်တွေကိုတော့ စိတ်နာတယ်”လို့ ဦးထန်ဆွမ်းမုန်က ဆက်လက်ပြောသည်။

တွန်းဇံမြို့နှင့် နှစ် မိုင်ခန့်အကွာတွင် တပ်စွဲထားသော ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)၏ ယာယီတပ်စခန်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၃၁ ရက်နေ့တွင် ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA)နှင့် စစ်ကောင်စီတပ်တို့က ရုတ်တရက် လာရောက်တိုက်ခိုက်ခဲ့ကြောင့် တွန်းဇံတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ပြီး ဒရုန်း၊ စားနပ်ရိက္ခာနှင့် မော်တော်ဆိုင်ကယ်များလည်း သိမ်းဆည်းခံရကြောင်းသိရသည်။

ဓာတ်ပုံ-ကျဆုံးသွားသော ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)တပ်ဖွဲ့ဝင်

#ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ) #အမှတ်၂စခန်း #တနင်္ဂနွေနေ့ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့(ZRA) #လာရောက်တိုက်ခိုက် #တွန်းဇံတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

#Ayeyarwaddy_Times