နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၂ ရက်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသရှိ ဖောင်းကတာရွာအတွင်းသို့ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခက်မှုကြောင့် ရွှေအိမ်စံ လက်ဘက်ရည်ဆိုင်အတွင်းရှိ ဒေသခံအမျိုးသမီး တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်းသိရသည်။

စက်တင်ဘာ ၁၀ ရက်နေ့ နံနက်က ချင်းတွင်းမြစ်အတွင်း ဖြတ်သန်းသွားသည့် စစ်ကောင်စီတပ် က ရွာဘက်သို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သည့်အတွက် ယခုကဲ့သို့ ဒေသခံများသေဆုံးထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများက ပြောသည်။

“မြစ်ကြောင်းကနေ ဖြတ်သွားတဲ့ သဘော်ပေါ်ကနေပစ်တာ။ ချင်းတွင်းမြစ်ကြောင်းမှာ သစ်တွေ ခိုးထုတ်နေတဲ့ စစ်ကြောင်းက ချင်းတွင်းမြစ်ကြောင်း တလျှောက်မှာ ဒီရက်ပိုင်းအတွင်း မြစ်ကမ်းဘေးက ရွာတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခက်တာတွေပြုလုပ်နေတာ“ ဟု ယင်းမာပင်ခရိုင် ဓားမဆိုင်းတပ်ရင်း (၂၈) တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသအတွင်း စစ်ကောင်စီတပ်မှ ရွာစဥ် လျှောက် စစ်ကြောင်းထိုးနေပြီး ချင်းတွင်းမြစ်ကြောင်းတလျှောက်တွင်လည်း စစ်ကောင်စီတပ်အနေဖြင့် လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာ ပို့ဆောင်နေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့် မကြာခဏထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။

သြဂုတ်လ (၆)ရက်နေ့နံနက်ပိုင်းကလည်း ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့်အတွက် ဒေသခံပြည်သူ (၁၀၀၀) ကျော်အိုးအိမ်စွန့်ခွာကာ ထွက်ပြေးခဲ့ရရာ လက်ရှိအချိန်အထိ ရွာသို့ မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်ပြည်သူများထံက သိရသည်။

#စစ်ကောင်စီ #လက်နက်ကြီး #ပစ်ခတ် #ဖောင်းကတာရွာ #ဒေသခံအမျိုးသမီး၁ ဦး #သေဆုံး #၂ဦးထိခိုက်ဒဏ်ရာရရှိ #Ayeyarwaddy_Times