
ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ စက်တင်ဘာလ ၁၂ ရက်
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ စံရွေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်သိမ့်သိမ့်လွင်ကို ယမန်နေ့စက်တင်ဘာလ ၁၁ ရက်နေ့ ည ၆ နာရီဝန်းကျင်တွင် သာယာဝတီဂဠုန်တပ်ဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သိရသည်။
ဒေါ်သိမ့်သိမ့်လွင်သည် သုံးဆယ်မြို့ လယ်ခေါင်ဈေးတွင် အသတ်ခံရ သည့် စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနေရာတွင် အစားထိုးတာဝန်ယူခဲ့သည့် အုပ်ချုပ်ရေးမှူး အမျိုးသမီးတစ်ဦး ဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်သည် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၃၅ တပ်ရင်း တပ်ဝင်းဘေးတွင် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
“သူ(အုပ်ချုပ်ရေးမှူးဒေါ်သိမ့်သိမ့်လွင်)တို့ မိသားစုက အစတည်းကစစ်ကောင်စီကို ထောက်ခံတဲ့ သူတွေ။ သူ့အရှေ့မှာ အုပ်ချုပ်ရေးမှူးတစ်ယောက်က အသတ်ခံရလို သေသွားပေမယ့် သူကိုယ်တိုင်ကိုက အဲ့ဒီနေရာကို လိုလိုလားလားယူခဲ့တာ။ သူတို့ ငြင်းလို့ရတာပဲလေ။ သူကမကြောက်ဘူးပေါ့။ စစ်တပ်ဘက်ကရပ်တည်မယ်ဆိုပြီးတော့ လုပ်ခဲ့တာပါ။ သူရဲ့သမီး ဆရာဝန်ကလည်း သာယာဝတီမှာရိုက်နှက်ခံရပြီး သေသွားတဲ့ အိမ်ဖော်အမှုမှာ သာမန်ရိုက်နှက်ခံရတာဆိုပြီး စစ်တပ်ကို လိမ်လည် ဆေးစာရေး ပေးခဲ့တာ။ ဒါပေမဲ့ ကျွန်တော်တို့က သာမန်ပြည်သူကိုပစ်မှတ်မထားပဲ စစ်ကောင်စီ အုပ်ချုပ်ရေးမဏ္ဍိုင်တွေကိုပဲပစ်မှတ်ထားတော့ အုပ်ချုပ်ရေးမှူးကိုပဲ ပစ်ခတ်ခဲ့တာပါ” ဟု သာယာဝတီ(ပကဖ)တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒေါ်သိမ့်သိမ့်လွင်သည် ခလရ-၃၅ တပ်ရင်းဘေးတွင် အသတ်ခံရခြင်းဖြစ်၍ အဆိုပါသတင်းကို စစ်ကောင်စီတပ်က လိုက်လံဖုံးဖိနေပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်များတွင် အသတ်ခံရမှုကို စုံစမ်းစစ်ဆေးမှုများလုပ်နေချိန် စစ်ဆေးမခံပဲ ထွက်ပြေးသည့် PDF သုံးဦးကို အသေပစ်သတ်ဖမ်းဆီးခဲ့ကြောင်း ဝါဒဖြန့် ရေးသား လျှက်ရှိကြောင်း သိရသည်။
“အခုက ခလရ-၃၅ တပ်ရှောင်လမ်းထဲမှာ လုပ်သွားတော့သူတို့ တော်တော် ထိသွားတယ်ပေါ့၊ တပ်ရင်းမှူးကလည်း တစ်ခုခုဖြစ်မှာကြောက်ပြီး အသည်းအသန်ဖုံးဖို့ လုပ်တယ်။ ဒီကိစ္စကိုပြန်လေ့လာနေပါတယ်။ psywar (စိတ်ဓာတ်စစ်ဆင်ရေး) လုပ်တာ ဖြစ်နိုင်တယ်။ စစ်တပ်ကဖော်ပြတဲ့ ပုံထဲကသူတွေက အနီးအနား ရပ်ရွာကသူတွေကို တကယ်ပဲပစ်ခတ်ခဲ့တာလား၊ အရင်ကပုံဟောင်းတွေကို ပြန်သုံးတာလားဆိုတာ စုံစမ်း နေပါတယ်။ ဒီကိစ္စမှာပါဝင်ခဲ့တဲ့သူတွေနဲ့က အဆက်အသွယ်ရပါတယ်”ဟု သာယာဝတီ (ပကဖ)တာဝန်ရှိက ဆိုသည်။
စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်သည် NLDအစိုးရ လက်ထက်တည်းက စစ်တပ်ထောက်ခံသူတစ်ဦးဖြစ်ပြီး စစ်ကောင်စီအာဏာ မသိမ်းခင် ကတည်းက စစ်တပ်မှအာဏာသိမ်းမည် ဖြစ်ကြောင်းပြောဆိုနေသူ တစ်ဦး ဖြစ်ကြောင်း လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
လွန်ခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့၊ ဘုရားကြီးလမ်းရပ်ကွက်တွင် အသက် (၁၉) နှစ်အရွယ် အိမ်အကူအမျိုးသမီးရုတ်တရက် သေဆုံးခဲ့ပြီး ဆေးစစ်ချက်ရေးသားသူ ဆရာဝန်က ဦးခေါင်းတွင်းပြည်တည်၊ ကိုယ်လုံး တွင် အရှိုးရာရှိ ဟူသော ဆေးစစ်ချက်အဖြေသာ ပေးခဲ့ကြောင်း သိရသည်။
ပုံစာ – အုပ်ချုပ်ရေးမှူးဒေါ်သိမ့်သိမ့်သူ
#သာယာဝတီ #သုံးဆယ် #အုပ်ချုပ်ရေးမှူးအမျိုးသမီး #အသတ်ခံရ #Ayeyarwaddy_Times