
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၂ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ- NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့သည် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ခေါင်းဆောင် ဗိုလ်နဂါးအား တွေ့ဆုံ၍ မြေပြင်တွင် တည်ဆောက်လျက်ရှိသော အုပ်ချုပ်ရေး၊ ကာကွယ်ရေးဆိုင်ရာ ယန္တရားများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း NUG က ယနေ့ စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ပြောဆိုသည်။
၎င်းတို့သည် ပြီးခဲ့သည့် မေလ ၂ ရက်က Zoom Meeting မှတဆင့် လက်ခံတွေ့ဆုံခဲ့ပြီး အဓိကရည်ရွယ်ချက်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်များ စစ်ဒေသအလိုက် တည်ဆောက်ထားသည့် Chain of Command (COC) တွင် ပါဝင်ဆောင်ရွက်ကြရန်၊ NUG က မြေပြင်တွင် တည်ဆောက်လျက်ရှိသော အုပ်ချုပ်ရေး၊ ကာကွယ်ရေးဆိုင်ရာ ယန္တရားများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်၊ တော်လှန်ရေးအလွန် ကာလတွင် အကောင်အထည် ဖော်ရမည့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီအစဉ်များတွင် လက်ခံပါဝင် ဆောင်ရွက်ရန် အလေးထားပြောဆိုခဲ့သည်ဟု သိရသည်။
စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် အကြမ်းဖက် စစ်အုပ်စုကို တွန်းလှန်တိုက်ပွဲဝင်နေသည့် မြေပြင်တော်လှန်ရေး ခေါင်းဆောင်များကို အသိအမှတ်ပြုခြင်းနှင့် တော်လှန်ရေးအတွက် စုစည်းညီညွတ်မှုကို အခြေတည်လျက် ထိုသို့တွေ့ဆုံခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်အနေဖြင့် အဆိုပါဆွေးနွေးချက်များမှလွဲ၍ အခြားမည်သည့် ဆွေးနွေးချက်၊ သဘောတူညီချက် တစုံတရာ လုံးဝမရှိခဲ့ကြောင်း NUG က ဆိုသည်။
စစ်ကိုင်းတိုင်း၊ ပုလဲနယ်မှ တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်နဂါးသည် ၎င်းဦးဆောင်နေသော မြန်မာ့တော်ဝင် နဂါးတပ်တော် – MRDA ကို စက်တင်ဘာလ ၉ ရက်နေ့တွင် ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း သိရသည်။
BNRA ဖွဲ့စည်းခြင်းမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် မရှိသည့် တပ်ရင်းတပ်ဖွဲ့များကို တစုတစည်းတည်းဖြစ်စေရန် စုစည်းပြီး စနစ်ကျသောအမိန့်ပေးမှုစနစ် – COC ဖြင့် အာဏာသိမ်း စစ်ကောင်စီကို တော်လှန်သွားရန်ဖြစ်ကြောင်းနှင့် NUG နှင့်အပြိုင် တစင်ထောင်ခြင်းမဟုတ်ကြောင်း၊ BNRA ဖွဲ့စည်းမှု မကြေညာမီ NUG အစိုးရနှင့် တွေ့ဆုံညှိနှိုင်းမှုများလည်း ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်နဂါးက ပြောသည်။
“ဒီကိစ္စသည် တစင်ထောင်တာ တစ်စုဖွဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကိုယ်ကျိုးအတွက်လည်း မဟုတ်ဘူး။ ခက်ခက်ခဲခဲ ခရီးသွားပြီး ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကျွန်တော် လူချင်းတွေ့ပြီးတော့ ရက်ရှည် အချိန်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဖြစ်တယ်။ ဝန်ကြီးရယ်၊ ကျွန်တော်ရယ်၊ သမ္မတကြီးရယ် Zoom Meeting (အွန်လိုင်းအစည်းအဝေး) မှာ တွေ့ပြီးတော့ ကျွန်တော်တို့ ဒီကိစ္စတွေကို ဆွေးနွေးခဲ့တယ်။ MRDA ကို နောက်ထပ်ပူးပေါင်းလာတဲ့အဖွဲ့တွေနဲ့ COC စနစ်တကျတည်ဆောက်ပြီးတော့ စစ်ရေးမှာလည်း တိုင်းရင်းသားတွေရဲ့ ကူညီမှုနဲ့ Regular Army၊ Standard Army (အဆင့်မီတပ်မတော်) သေချာဖွဲ့စည်းပြီးတော့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ လက်တွဲလုပ်သွားနိုင်ဖို့၊ ပူးပေါင်းလုပ်ဆောင်မယ်ဆိုတဲ့ ကြေညာချက်တွေလည်းထုတ်ဖို့ ဆွေးနွေးကတိပြုခဲ့ကြပြီးတော့ လုပ်ဆောင်လာတဲ့အဖွဲ့အစည်းလည်း ဖြစ်တယ်”ဟု BNRA တပ်တည်ထောင်သည့်အဖွင့်အမှာစကားရုပ်သံတွင် ခေါင်းဆောင် ဗိုလ်နဂါးက ပြောဆိုသည်။
BNRA အနေဖြင့် တနိုင်ငံလုံး အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ဗမာတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းဖြစ် ရပ်တည်တော်လှန်သွားမည်ဖြစ်ပြီး လတ်တလောတွင် တပ်ရင်း ၁၈ ရင်းဖြင့် စုစည်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။