ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၁၁ ရက်

စစ်ကောင်စီ လက်အောက်ခံကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ပြည်တွင်း စက်မှုဇုန်ထုတ်ကား အစိတ်အပိုင်းပြောင်းလဲခြင်းများ အပါအဝင်မော်တော် ယာဉ် ထုတ်လုပ် သည့်ခုနှစ်နှင့် ကုန်တင်အလေးချိန်ခံနိုင်အားကွဲလွဲမှုများနှင့် ကားလိုင်စင် ဝင်ကြေး ဝန်ဆောင်ခသုံးဆနီးပါး တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် ၎င်းတို့ ဆောင်ရွက်ပေးနေသည့် မော်တော်ဆိုင်ကယ်အပါအဝင် မော်တော်ယာဉ်ဝန်ဆောင်မှု လုပ်ငန်းပိုင်းနှင့်ပတ်သက်ပြီး ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းခွဲ၊ ကျပ်တစ်သိန်းမှ သုံးသိန်းအထိ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

“စစ်ကောင်စီက ရှင်းရှင်းပြောရရင်အခွန်တိုးကောက်တဲ့သဘောပဲလေ။ ကားတွေက နှစ်တိုင်းလိုင်စင် ဝင်ရတာဆိုတော့ အခြားအရာတွေထက်စာရင် ကောက်ရလွယ် တယ်လေ။ ကားကမသုံးဘဲနေလို့မရတော့လည်း ပေးရတော့မှာပဲ။ သူတို့စိတ်ကြိုက်ကို ကောက်နေတော့တာ။ ဒီကြားထဲ ဆီဈေးကလည်းမကျဘူး”ဟု ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်း တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထိုသို့တိုးမြှင့် ကောက်ခံရသည်မှာ လက်ရှိကောက်ခံနေသည့် နှုန်းထားများသည်ခေတ် ကာလနှင့်လျော်ညီမှုမရှိသဖြင့် တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်း ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မော်တော်ယာဉ် နှစ်လဲမှတ်ပုံတင်ကြေးနှင့် ယာဉ်စစ်ဆေးခနှုန်းထားများ တိုးမြှင့် ကောက်ခံမည့် လျာထားချက်တွင် ယာဉ်ငယ် ( ကိုယ်ပိုင်) သက်တမ်း တစ်နှစ်စာ ကျပ် ငါးသောင်း၊ ယာဉ်ငယ် (အငှား) ကျပ် တစ်သိန်း၊ ယာဉ်ကြီး (ကိုယ်ပိုင်) ကျပ်တစ်သိန်း နှင့် ယာဉ်ကြီး (အငှား) ကျပ် တစ်သိန်းခွဲတိုးမြင့်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်ပြောင်းလဲကောက်ယူမည့် နှုန်းထားများနှင့်ပတ်သက်၍ ရုံးများတွင် တရားဝင် စာကပ်ကာပြီး ထုတ်ပြန်ခြင်းမရှိသေးကြောင်း၊ ဈေးတက်မည့် သတင်းကြောင့် သက်တမ်း တိုးနေသူများနေကြောင်း အငှားယာဉ်မောင်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် မော်တော်ယာဉ်မှန်၊မမှန် စစ်ဆေးခြင်းဆောက်ရွက်ခအတွက် ကျပ်တစ်သိန်း ၊ ယာဉ်စစ်ဆေးခအတွက် ကျပ်တစ် သောင်းခွဲ တိုးမြင့်လိုက်ကြောင်းသိရသည်။

ယင်းပြင် စက်မှုဇုန်ထုတ် Truck ကားများ cab frame body ပြောင်းလဲခြင်းအတွက် ယခင်ကောက်ခံနှုန်း ငါးသောင်းကျပ်မှ ကျပ်တစ်သိန်းခွဲအထိတိုးမြင့်ခြင်း၊ Busကား ယာဉ်ကြီးများ Body Coach ပြောင်းလဲခြင်းအတွက် ကျပ်တစ်သိန်းမှ ကျပ်သုံးသိန်း၊ Fame ပြောင်းလဲခြင်းအတွက် ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းခွဲ သုံးဆခန့်တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် မတ်လအထိ လိုင်စင်ရှိ နှစ်ဘီးတပ်၊ ‌ကား၊ ဆိုင်ကယ်၊ ခရီးသည်တင်၊ သုံးဘီးအပါအဝင် အခြားအမျိုးအစားယာဉ် ခုနစ်သန်းကျော်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#စစ်ကောင်စီလက်အောက်ခံ #ကညနရုံး #မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းများ #ဝန်ဆောင်ခနှုန်းထား #သုံးဆမြှင့်၍ကောက်ခံ #Ayeyarwaddy_Times