ဧရာဝတီတိုင်းမ်

(မတူပီ)၊ စက်တင်ဘာလ ၁၁ ရက်

အာဏာသိမ်းပြီးနောက်ပိုင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ထံသို့ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၂၄ ဦးအလင်းဝင် ရောက်လာပြီဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ထံက သိရသည်။

မတူပီမြို့တွင် အခြေစိုက်ထား‌သော စစ်ကောင်စီ၏ ဗျူဟာစခန်းမှ တပ်ကြပ်ကြီး ထွန်းဇော်နှင့် ဒုတပ်ကြပ်ဝေလွင်တို့သည် ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့တွင် ချင်း ကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ထံ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်ရောက် လာခဲ့ပြီး ဆုကြေးငွေသိန်းပေါင်း ၆၀ ချီးမြှင့်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)၏ ထုတ်ပြန်ချက်အရ သိရသည်။

“သူတို့အလင်းဝင်လာဖို့ ဆက်သွယ်လာတာကြာပါပြီ။ ဒီဘက်ကို မထွက်လာ နိုင်ဘူးပေါ့။ မထွက်လာနိုင်တဲ့ အကြောင်းကတော့ တပ်တွင်းက စည်းမျဉ်းစည်းကမ်း ရယ်။ ပြီးတော့ သူတို့လက်နက်ခဲယမ်းကို မဖြစ်မနေယူလာမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ချိန်လာတာဆိုတော့ ကျန့်ကြာသွားတယ်။ လက်နက်ခဲယမ်း အပြည့်အစုံမဖြစ်မနေ ယူလာမယ်ဆိုတော့ ကျွန်တော်တို့ဘက်က အကြံဉာဏ်တွေပေးပြီး အသေးစိတ် စီစဉ်ပေးပြီးမှ လက်ခံရတာပေါ့”လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၏ ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းနိုင်ဂျွန်ကိမ်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တပ်ကြပ်ကြီးထွန်းဇော်(တ/၁၂၃၃၂၃)နှင့် ဒုတပ်ကြပ်ဦးဝေလွင်(တ/၃၇၃၉၈၅)တို့သည် MA-1 တစ်လက်၊ MA-2 တစ်လက်၊ လက်ပစ်ဗုံး နှစ်လုံး၊ ကျည်ဆံ ၅၃၀ ထောင့်၊ ကျည်ဘောက် ရှစ် ခုနှင့်အတူ အလင်းဝင်ရောက်လာခြင်းဖြစ်သည်။

လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ ဝင်များကို ချင်းကာကွယ်‌‌ရေးတပ်ဖွဲ့(မတူပီ)က ကျပ်သိန်း ၆၀ ဆုကြေးချီးမြှင့်ပေးပြီး လက်နက်ခဲယမ်းပါဝင်ခြင်းမရှိဘဲ အလင်းဝင်ရောက်လာသူများကို ဆုကြေးငွေ ချီးမြှင့် ခြင်းမရှိသော်လည်း စားဝတ်နေရေးနှင့် လုံခြုံရေးများကို တာဝန်ယူဆောင်ရွက်၍ လွတ်မြောက်နယ်မြေအထိ ကူညီပို့ဆောင်ပေးကြောင်းသိရသည်။

“တပ်တွင်းက ရာထူးကြီးတဲ့သူတွေက အလင်းဝင်သွား‌တဲ့ စစ်ကောင်စီတပ်သားတွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ချက်ချင်းသတ်ဖြတ်ပြီး တစ်ဦးတယောက်မှ အသက် မရှင်ဘူး။ ခင်းဗျားတို့ သေချင်ရင်သွားလိုက်ဆိုတဲ့ ချိန်းခြောက်တာတွေ သတင်း အမှားတွေ တပ်တွင်းမှာ ဝါဒဖြန့်ထားတယ်လို့ သိရတယ်။ ကျွန်တော်တို့ဆီ အလင်းဝင်လာလို့ သတ်ဖြတ်တာ တယောက်မှမရှိပါဘူး။ လွတ်မြောက်နယ်မြေထဲမှာ အကုန်ရှိပါတယ်။ သူတို့ကို အချိန်မရွေးဆက်သွယ်လို့ ရတယ်”ဟု ဆလိုင်းနိုင် ဂျွန်ကိမ်းက ဆိုသည်။

အလင်းဝင်ရောက်လိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အချိန်မရွေး ဆက်သွယ် နိုင်ရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၏ ထုတ်ပြန်ချက်တိုင်းတွင် ဖုန်းနံပါတ်များကို အမြဲထည့်သွင်းပေးထားပြီး စစ်ကောင်စီတပ်စခန်း၏ အနီးအနားတဝိုက်တွင် ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင်များ အားလုံးရှိနေကြောင်း သိရသည်။

ထို့အပြင် တပ်တွင်းမှ ထွက်လာမည့် အချိန်၊ နေရာများကိုလည်း ယုံကြည်စွာ တိုင်ပင်နိုင်သလို ပြည်သူနှင့်အတူ လာရောက်ပူးပေါင်းမည်ဆိုပါက ချင်းကာကွယ်ရေး တပ်ဖွဲ့(မတူပီ)က ဝမ်းမြောက်ဝမ်းသာစွာဖြင့် အချိန်မရွေးကြိုဆိုလက်ခံသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

ချင်းကာကွယ်ရေး တပ်ဖွဲ့(မတူပီ)သည် ဩဂုတ်လကုန်ပိုင်းက အလင်းဝင် ရောက်လာသည့် စစ်ကောင်စီတပ်ကြပ်နှစ်ဦးအပေါ် ဝမ်းသာစွာကြိုဆိုခဲ့ပြီး ကတိ ပေးထားသည့် အတိုင်း ငွေကျပ် သိန်း ၆၀ ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပုံစာ-ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ထံ အလင်းဝင်ရောက်လာသောတပ်ကြပ်နှစ်ဦးနှင့် လက်နက်ခဲယမ်းများ

#ချင်းပြည်နယ် #မတူပီ #စစ်ကောင်စီတပ်ကြပ်၂ဦး #လက်နက်အပြည့်အစုံအလင်းဝင် #ချင်းကာကွယ်ရေးတပ်ဖွဲ့မတူပီ #စစ်ကောင်စီတပ်ဖွဲ့ဝင်၂၄ဦး #Ayeyarwaddy_Times