ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၁ ရက်

ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာ ဝန်ထမ်းများသည် လစာ၏ ဆယ်ရာခိုင်နှုန်း ကို Mytel Pay ထီထိုးခိုင်းရန် စီစဥ်နေကြောင်း ဝန်ထမ်းသတင်းအရင်းအမြစ်ထံကသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်ကစပြီး ဌာနဆိုင်ရာဝန်ထမ်းများ၏ လစာ ၁၀ ရာခိုင်နှုန်းကို စစ်ကောင်စီမိုဘိုင်းဖုန်း ငွေပေးချေမှု စနစ်ဖြစ်သည့် Mytel Pay ပလီကေးရှင်း အတွင်းသို့ ငွေဖြည့်သွင်းခိုင်းကာ အောင်ဘာလေထီထိုးရန် အတင်းအကျပ်လုပ်ဆောင်ခိုင်းနေကြောင်း မြောင်းမြမြို့ခံ အထက်တန်းပြ ပညာရေးဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

” လစာရဲ့ဆယ်ရာခိုင်နှုန်းကိုMytel Pay ထဲငွေဖြည့်ခိုင်းတယ်။ တစ်ယောက်ကိုထီတစ်အုပ်နှုန်း လစာထုတ်တဲ့အချိန်မှာ တခါထဲထိုးခိုင်းတယ်။ တကယ်ထိုးထားတာရှိမရှိ စခရင်ရှော့ရိုက်ပြီးတော့ မြို့နယ်ပညာရေးမှူးဆီကို လျို့ဝှက်Viber နဲ့ပို့ခိုင်းတယ်။အပြင်ကိုသတင်းပေါက်ထွက်ရင်အကြမ်းဖက်ပုဒ်မနဲ့ အရေးယူမယ်ဆိုပြီးတော့ ခြိမ်းခြောက်ခံထားရတယ်” ဟု ၄င်းကပြောသည်။

ယင်းကဲ့သို့ ဖိအားပေးစေခိုင်းမှုကြောင့် စစ်ကောင်စီဝန်ထမ်းများသည် လစာရရှိမှု မလုံလောက်သည့် အခြေအနေဖြစ်ပေါ်နေကာ လာဘ်ငွေ တောင်းခံမှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

” ဆယ်ရာခိုင်နှုန်းကိုMytel Pay ထဲငွေဖြည့်ခိုင်းပြီး အောင်ဘာလေထီ အတင်းထိုးခိုင်းတာက အောက်ခြေဝန်ထမ်းပိုင်းတွေ အခက်ကြုံတာပေါ့။ လစာကို တမင်တကာဖြတ်တဲ့ သဘောပြောလို့ရတယ်။ မိသားစုများတဲ့သူဆို ဒုက္ခရောက်ပြီ။ အခုကုန်စျေးနှုန်းအခြေအနေနဲ့က ဘယ်လိုမှကိုအဆင်မပြေတော့ဘူး။ အောက်ခြေဆင့်ဝန်ထမ်းတွေ လစာမလောက်တော့ပြည်သူတွေဆီက ငွေညစ်တောင်းတာတွေ ပိုလုပ်လာတယ် ” ဟု ကျုံပျော်မြို့နယ်ထွေအုပ်ဝန်ထမ်းတစ်ဦးကဆိုသည်။

ပြီးခဲ့သည့်ဇွန်လ၈ရက်နေ့က စစ်ကောင်စီမှ အောင်ဘာလေထီ အွန်လိုင်းအက်ပလီကေးရှင်းကို ထုတ်ပြန်ခဲ့ပြီး ထီလက်မှတ်ဝယ်ယူမှု ၊ထီဖိုး ငွေပေးချေမှုနှင့် ဆုငွေရယူမှုအပြင် ထီကံထူးသူများအပေါ် မိုဘိုင်း ဖုန်းကနေ SMS ပေးပို့ အကြောင်းကြားရန်ရှိကြောင်းအသိပေးထားသည်။

ထို့အပြင် အောင်ဘာလေထီ အွန်လိုင်း ထီစနစ်ကို စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအပါအဝင် အခြားသက်ဆိုင်ရာဝန်ကြီးဌာနရှိ ဦးစီးဌာနများပါဝင်နေ၍စစ်တပ်ပိုင် MyTel ကုမ္ပဏီမှ ပါတနာအဖြစ် ပူးပေါင်းလုပ်ဆောင်နေကြောင်းသိရသည်။

စစ်ကောင်စီက အွန်လိုင်းမှတဆင့် ရောင်းချမည့် အောင်ဘာလေထီမှာ နိုင်ငံအတွင်း ပြည်သူများအပေါ် သတ်ဖြတ်ဆောင်ရွက်ရာ၌ လက်နက်ဝယ်ယူရန်ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်၍ စစ်ကောင်စီ၏ဝင်ငွေရလမ်း ဖြတ်တောက်ရန်၊စစ်တပ်ပိုင်ကုန်ပစ္စည်းတွေကို ဝယ်ယူအားမပေးရန် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုများအပေါ် ပြည်သူများအနေဖြင့် ပိုမိုပူးပေါင်းပါဝင်ကြရန် စစ်အာဏာရှင်စနစ် ဆန့်ကျင်နေသည့် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသူများနှင့် ဒီမိုကရေစီအင်အားစုအဖွဲ့များမှ တိုက်တွန်းထားသည်။

#ဧရာဝတီတိုင်း #စစ်ကောင်စီလက်အောက်ခံ #ဝန်ထမ်းများ #လစာငွေ၁၀ရာခိုင်နှုန်းကို #Mytel Payဖြင့်ထီထိုးခိုင်း #Ayeyarwaddy_Times