
ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၁၂ ရက်
စစ်ကောင်စီက စာအုန်းဆီ၊ စက်သုံးဆီ၊ ပို့ကုန်သွင်းကုန်နှင့် ဘဏ်လုပ်ငန်းရှင်များ ပါဝင်သည့် စီးပွားရေး လုပ်ငန်းရှင် ၁၀၀ နီးပါးကို ဖမ်းဆီးထားကြောင်းသိရသည်။
စီးပွားရေးလုပ်ငန်းရှင်များကို ဖမ်းဆီးစစ်ဆေးစဉ် ပို့ကုန်များနှင့်ပတ်သက်ပြီး ဒေါ်လာ ကိစ္စ၊ ပါမစ်ကိစ္စများ တွင် ပါ၀င်ပတ်သက်နေသူများအားလုံးကို ဖမ်းဆီးစဉ် ညွှန်ချုပ်၊ ညွှန်မှူးများနှင့် စစ်ကောင်စီတပ်မှ ဗိုလ်ချုပ်ရန်နောင်စိုး (ကုန်စည်စီးဆင်းမှုကော်မတီ-တွဲဖက်အတွင်းရေးမှူး) တို့ပါ ဖမ်းဆီးခံထားရကြောင်း သိရသည်။
“ဒေါ်လာကိစ္စတွေနဲ့ပတ်သက်ပြီး လိုက်စစ်နေတာရှိတယ်။ ပို့ကုန်သွင်းကုန်တွေကိုရောပဲ။ ဒေါ်လာရဖို့ အရေးပိုက်စိပ်တိုက်လိုက်လုပ်နေတာ”ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ဗိုလ်ချုပ်ရန်နောင်စိုး၊ စားသုံးသူရေးရာ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး ငါးဦးနှင့် ဆန်၊ စားသုံးဆီ၊ စက်သုံးဆီနှင့် ဘဏ်လုပ် ငန်းရှင် ၁၀၀ နီးပါးကို ဖမ်းဆီးထားခြင်းဖြစ်သည်။
ထိုအထဲတွင် ရွှေလုပ်ငန်းရှင်များ၊ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များစွာပါ ဖမ်းဆီးစစ်ဆေး ခံနေရခြင်းဖြစ်ပြီး စစ်တပ်ထိပ်တန်းအရာရှိများအပြင် ဘဏ်သုံးခုမှ တာဝန်ရှိ သူများကိုလည်း ဒေါ်လာအရောင်းအ၀ယ်ကိစ္စနှင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
ဖမ်းဆီးခံခဲ့ရသည့် စစ်ဗိုလ်ချုပ်ရန်နောင်စိုးသည် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက နိုင်ငံအတွင်း ပို့ကုန်ရငွေ ဒေါ်လာများပြန်လည်မယူဆောင် လာပါက နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ငွေကြေး လိမ်လည်မှု၊ နိုင်ငံခြားသုံးငွေကြေး ကစားမှုပုဒ်မတို့ ဖြင့် ထောင်ဒဏ် ၃၅ နှစ်ချမှတ်နိုင်သည်ဟု ပို့ကုန်လုပ်ငန်းရှင်များကို ပြောဆိုခဲ့သည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့က စသုံးလုံး ညွှန်ကြား ရေးမှူးချုပ် ဦးမောင်မောင်ကျော်ကို စစ်တပ်က ဦးအောင်ဇော်လင်းဆိုသူကို အစားထိုး ခန့်အပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးမှု များပြားလာခြင်းဖြစ်သည်။
ပုံစာ- ဆီလုပ်ငန်းရှင်များ ဈေးနှုန်းတည်ငြိမ်စေရန် ဆွေးနွေးနေစဉ်
#စစ်ကောင်စီ #ပို့ကုန်သွင်းကုန် #ဘဏ်လုပ်ငန်းရှင် #၁၀၀နီးပါးဖမ်းဆီး #Ayeyarwaddy_Times