
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၁ ရက်
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့် အခြေခံစစ်သင်တန်းတက်ရောက်၍ စစ်ရေးတာဝန်ထမ်းဆောင်ရန် ခံဝန်လက်မှတ်ရေးထိုးမှသာ ရာထူးတိုးကိစ္စများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်းအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်၌ အခြေခံ စစ်သင်တန်းတက်၍ လိုအပ်လာပါက စစ်ရေးတာဝန်ထမ်းဆောင်မည်ဟု ခံဝန်လက်မှတ်ရေးထိုးမှသာ ရာထူးတိုးဆောင်ရွက်သွားမည်ဟုပြီးခဲ့သည့်စက်တင်ဘာလ ပထမအပတ်တွင် စစ်ကောင်စီမှ လျို့ဝှက်ညွှန်ကြားခဲ့ကြောင်း တိုင်းစစ်ကောင်စီနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
“ဌာနဆိုင်ရာဝန်ထမ်းတွေ ရာထူးတိုးချင်ရင် ဖောင်ကြီးမှာ စစ်သင်တန်းမဖြစ်မနေတက်ဖို့ နေပြည်တော်ကနေ လျို့ဝှက်ညွှန်ကြားထားတယ်။ မြို့နယ်အလိုက် အရာရှိစာမေးပွဲ ဖြေထားတဲ့ ဘွဲ့ရဝန်ထမ်းတွေဆိုတာနဲ့ အကုန်စစ်သင်တန်းတက်ရမယ်၊ လိုအပ်ရင်ရှေ့တန်းထွက်ဖို့ပါ လက်မှတ်ထိုးခိုင်းထားတယ်” ဟု ၄င်းကပြောသည်။
ယင်းကဲ့သို့ စစ်ကောင်စီ၏ ညွှန်ကြားမှုကြောင့် ခွင့်မဲ့ပျက်ကွက်သူများ များနေပြီး ရာထူးတိုးလုပ်ဆောင်သူများလည်း လျော့နည်းလာကြောင်း ဓနုဖြူမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းအသိုင်းအဝိုင်းထံက သိရသည်။
” စစ်သားအလုပ်ကို ကျန်တဲ့ဝန်ထမ်းတွေပါ အကုန်လုပ်ရမဲ့ သဘောဖြစ်နေပြီ။ ရှေ့တန်းပါထွက်ရမှာတော့ အဆင်မပြေတော့ဘူးပေါ့။ ရုံးထဲမှာဝန်ထမ်းအချို့ တွေခွင့်မဲ့ပျက်ကွက်ဆိုပြီး ပြေးတဲ့သူလည်း ပြေးကုန်ပြီ။ ရာထူးတိုးဖြေတဲ့သူတွေ သင်တန်းတက်ဖို့တခါတည်း စာရင်းပေးပြီးသား ဖြစ်တော့ငြီးနေကြတယ်” ဟု ပညာရေးရုံးဝန်ထမ်းတစ်ဦးက ဆိုသည်။
စစ်ကောင်စီ၏ အဆိုပါ ညွှန်ကြားနေမှုမှာ တပ်တွင်း စစ်အင်အား လျော့ကျမှု အခြေအနေကို ပြသနေခြင်းဖြစ်၍ ဝန်ထမ်းအချို့ နှုတ်ထွက်မှုနှင့် ခွင့်မဲ့ထွက်ပြေးမှု ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း CDM ဝန်ထမ်းအသိုင်းအဝန်းများက ထောက်ပြသည်။
” စစ်ကောင်စီမှာ အင်အားလျော့နည်းလာပြီဆိုတာကို ယခုညွှန်ကြားချက်က ပိုပြီးသိသာစေတယ်။ အခုစစ်သင်တန်းတက်ရင်း ရှေ့တန်းထွက်ဖို့လက်မှတ်ထိုးခိုင်းတဲ့အထိဆိုတော့ ဌာနဆိုင်ရာအလိုက် နှုတ်ထွက်တာခွင့်မဲ့ထွက်ပြေးတာတွေပိုပြီးဖြစ်လာနိုင်တယ်” ဟု CDM ကျန်းမာရေးဝန်ထမ်း တစ်ဦးကထောက်ပြသည်။
ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လအတွင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မန္တလေးတိုင်းတို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများကို စစ်သင်တန်းတက်ရောက်ရန်နှင့်စစ်ရေးတာဝန်ထမ်းဆောင်ရန် အတွက်စာရင်းကောက်ခံမှုများရှိခဲ့သည်။
#ဧရာဝတီတိုင်း #ဌာနဆိုင်ရာဝန်ထမ်း #အခြေခံစစ်သင်တန်း #လိုအပ်ပါက #စစ်ရေးတာဝန် #ထမ်းဆောင်ရန် #သဘောတူလက်မှတ်ထိုး #ရာထူးတိုးပေးမည်ဟုဆို #Ayeyarwaddy_Times