ဧရာဝတီတိုင်းမ်
(ဖြူး)၊ စက်တင်ဘာလ ၁၁ ရက်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် စက်တင်ဘာလ ၉ရက်နေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က အကြောင်းမဲ့လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ သားအဖ နှစ် ဦးသေဆုံးခဲ့ပြီး စစ်တောင်းမြစ်ဝှမ်းဒေသအတွင်း စစ်ကောင်စီက နေ့စဉ်လက်နက်ကြီးများ ပစ်ခတ်နေသည့်အတွက် ဒေသခံများနေ့စဉ်ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သိရသည်။

ဖြူးမြို့နယ်၊ အုတ်ဖြတ်စစ်တောင်းမြစ်ကူးတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လေးအိမ်စုရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၃၇ နှစ်အရွယ် ဦးစိုးလင်း နှင့် သားဖြစ်သူ အသက် ၅နှစ်အရွယ် မောင်ပိုင်ချစ်သော် တို့ လက်နက်ကြီးကျည်ထိမှန်ပြီးသေဆုံးခဲ့ရကြောင်း သိရသည်။

“လေးအိမ်စုရွာကို ပစ်လိုက်တာလက်နက်ကြီးတစ်လုံးပဲ၊ အဲ့ဒီတစ်လုံးပဲရွာမှာကျပြီး သားအဖနှစ်ယောက်သေသွားတယ်။ အဖေကနေရာမှာပဲ ပွဲချင်းပြီးသေသွားပြီး ကလေးကဝော့ာ ဆေးရုံရောက်မှ သေသွားတယ်။ စစ်ကောင်စီလှုပ်ရှား စစ်ကြောင်းတွေကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။” ဟု ဖြူးမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေ့စဥ် ကျေးရွာများအတွင်းသို့ စီမံချက်များဖြင့် လက်နက်ကြီးများကို ရည်ရွယ်ချက်ရှိရှိပစ် ပစ်ခတ်နေကြောင်းကိုလည်း ဒေသခံများထံက သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ဇလုပ်ကြီးကျေးရွာအခြေစိုက် ခမရ ၇၃ တပ်ရင်းမှ ထန်းတပင်မြို့နယ်၊ မိချောင်းဂေါင်းကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၆၁ နှစ်အရွယ် ဒေါ်ခင်စန်းဝင်းဆိုသူ၏ ခြေထောက်လက်နက်ကြီးစထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသအတွင်း အရပ်သားများကိုပစ်မှတ်ထား၍ နေ့စဉ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့အထိ ကောက်ယူရရှိသည့် စာရင်းများအရ လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးခဲ့ရသည့်အရပ်သားအရေအတွက် ၁၉၉ ဦးအထိရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ထံက သိရသည်။

ဓာတ်ပုံ – ပေးပို့။

#ဖြူး #စစ်တောင်းမြစ်ဝှမ်းဒေသ #လက်နက်ကြီးပစ်ခတ် #စစ်ကောင်စီ #ေဒသခံသေဆုံး #Ayeyarwaddy_Times