ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၁၁ ရက်

စစ်ကောင်စီက ကုန်သည်များ ဖမ်းဆီးစစ်ဆေးခြင်းဖြင့် အခြေခံ ကုန်ဈေးနှုန်း ကျဆင်း နိုင်ရန် ဆောင်ရွက်နေသော်လည်း ယခုတစ်ပတ်စားအုန်းဆီရည်ညွှန်းဈေး မြင့်တက် လာကာ တစ်ပိဿာ ၄၅၂၄ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး လက်လီအရောင်းဆိုင် တချို့ ဆီအ‌ရောင်း ပိတ်ထားကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ စစ်ကောင်စိ၏ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်း သတ်မှတ်ချက်မှာ စားအုန်းဆီ တစ်ပိဿာ ၄၅၂၄ ကျပ်ဖြစ်၍ ကျပ်လေးရာခန့်မြင့်တက်လာခြင်းဖြစ်သည်။

စစ်ကောင်စီသတ်မှတ်ဈေးဖြင့် ရောင်းချနိုင်ခြင်းမရှိသော စားအုန်းဆီလက်လီ ရောင်းချ သောကုန်စုံဆိုင်တချို့တွင် ဆီရောင်းချမှုကိုပိတ်ထားပြီး စားအုန်ဆီသီးသန့် အရောင်းဆိုင် များ လည်းပိတ်ထားကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။

“အကြော်သည်တို့လို ဆီပေါပေါသုံးရတဲ့သူတွေဆို သူတို့ဝယ်နေကြဆိုင်တွေက ရောင်းပေးတယ်။ အိမ်သုံးလောက် ဆိုဝယ်ရခက်သွားတယ်။ သူတို့ဈေးက မကိုက်တော့ မရောင်းနိုင်ကြဘူး။ စားအုန်းဆီလိုချင်ရင် တိုးဝယ်မှရတော့ တယ်။ တိုကင်ခက တစ်ယောက် တစ်ထောင်ပေးရတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စားသုံးသူများ စားအုန်းဆီဝယ်ယူရာတွင် အခက်အခဲများရှိနေပြီး မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ရန်ကုန်မြို့အတွင်းရောင်းချသည့် နေရာများအပါအဝင် အသင်းနှင့် ပူးပေါင်းရောင်းချပေးသည့် လက်ကားလက်လီ အရောင်းဆိုင်များတွင်သာ စားအုန်းဆီဝယ်ယူနိုင်ကြောင်း ရန်ကုန်မြို့ခံက ဆိုသည်။

စက်တင်ဘာ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ စားအုန်းဆီအခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်း စားအုန်းဆီတစ်ပိဿာ ၄၁၆၀ ကျပ်ဖြစ်ချိန်တွင် ပြင်ပပေါက်ဈေး ကျပ်တစ်သောင်းနီးပါးမြင့်တက်ခဲ့သည်။

စားအုန်းဆီလက်ကားရည်ညွှန်းဈေးအပေါ်တွင် အထွေထွေကုန်ကျစရိတ် အမြတ် ၂ ရာခိုင်နှုန်းထက်မပိုသော ဈေးနှုန်း၊ အဆင့်ဆင့်လက်လွှဲရောင်းချရာတွင် အသား တင်အမြတ် ၁၀ ရာခိုင်နှုန်းထက် မပိုသောဈေးနှုန်းဖြင့် စားအုန်းဆီလက်ကျန်များကို ရောင်းချ ရမည်ဖြစ်ကြောင်း စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့က ထုတ်ပြန် ထားသည်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ် ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#စားအုန်းဆီရည်ညွှန်းဈေးတက် #ဆီလက်လီဆိုင်အချို့ #အရောင်းပိတ် #Ayeyarwaddy_Times