ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၁ ရက်

ဧရာဝတီတိုင်းအတွင်းမှ ပြင်ပသို့ စပါးသယ်ဆောင်ရောင်းချရန် အတွက် ခရိုင်နှင့်မြို့နယ်ထွေအုပ်ရုံးထံ အချိန်တစ်ပတ် ကြိုတင်ကြောင်းကြားမှသာ သယ်ဆောင်ခွင့်ပြုကြောင်း ဒေသခံတောင်သူများထံကသိရသည်။

ဧရာဝတီတိုင်းအတွင်းမှ အခြားပြင်ပ တိုင်းနှင့်ပြည်နယ်များသို့ စပါးရောင်းချရန် သယ်ယူပို့ဆောင်လိုပါက သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်ထွေအုပ်ရုံးများထံ တပတ်ကြိုတင်အကြောင်းကြားရမည်ဟု စက်တင်ဘာလ၅ရက်နေ့က တိုင်းစစ်ကောင်စီရုံးတွင် ဒေသခံဆန်ဒိုင်နှင့် လယ်သမားအချို့ကို ခေါ်ယူအသိပေးခဲ့ကြောင်း ညောင်တုန်းမြို့ခံ တောင်သူတစ်ဦးက ဧရာဝတီတိင်းမ်ကိုပြောသည်။

” စပါးတွေကို မြို့နယ်အတွင်းကနေ အခြားနေရာတွေကို ရောင်းဖို့ပို့မယ်ဆိုရင် ခရိုင်နဲ့မြို့နယ်ထွေအုပ်ရုံးကို တပတ်အတွင်းအကြောင်းကြားရမယ်။ ခွင့်ပြုစာထုတ်ပေးမယ်။ ခွင့်ပြုမိန့်မပါဘူးဆိုရင်တော့ ဘယ်ကိုမှ သယ်ခွင့်မရဘူးဆိုပြီး အစည်းအဝေးခေါ်သတိပေးတာ” ဟု ၄င်းကပြောသည်။

အဆိုပါ အစည်းအဝေးသို့သမဝါယမ အသင်းဝင် တောင်သူများကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းအတွင်းနှင့် အခြားတိုင်းနှင့်ပြည်နယ်များသို့ စပါးသယ်ယူပို့ဆောင်ရန်
နှင့်ဆန်စျေးမြင့်တက်မှုကို ထိန်းချုပ်ရန် အကြောင်းပြ၍ တိုင်းစစ်ကောင်စီမှ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း တိုင်းထွေအုပ်ရုံးနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်ထံကသိရသည်။

“ဆန်စျေးမြင့်တာကို ထိန်းချုပ်ဖို့အတွက် အစည်းအဝေးခေါ်လိုက်တာ။ သမဝါယမအသင်းဝင် မှန်သမျှ အကုန်အစည်းအဝေးတက်ခိုင်းတယ်။ ဘယ်လောက်ပို့ခွင့်ရမယ်ဆိုတာကို ခရိုင်နဲ့မြို့နယ်ကဆုံးဖြတ်ပြီးမှ ပို့ ခွင့်ရမယ်။ လောလောဆယ်တော့ မြို့နယ်အဝင်အထွက်ဂိတ်တွေမှာ စပါးသယ်ခွင့်ပြုတဲ့စာတွေစစ်ဆေးခိုင်ထားတယ်” တိုင်းထွေအုပ်ရုံးနှင့်နီးစပ်သူတစ်ဦးကဆိုသည်။

ထိုကဲ့သို့ ဧရာဝတီတိုင်းအတွင်း စပါးသယ်ဆောင်ခွင့် ကန့်သတ်မှုအပေါ် အကြောင်းပြ၍ လက်ရှိတွင် နွေစပါး လက်ကျန် တင်းတစ်ရာလျှင် ၁၂သိန်း ကျပ်ဝန်းကျင်ဖြင့် ဆန်ကုန်သည် အချို့မှ စျေးနှိမ်ဝယ်ယူနေကြောင်း ဒေသခံတောင်သူလယ်သမား များထံကသိရသည်။

#ဧရာဝတီတိုင်း #ပြင်ပ #စပါးသယ်ဆောင်ရန် #ခရိုင်နှင့်မြို့နယ်ထွေအုပ်ထံ #ကြိုတင်အကြောင်းကြားရမည် #Ayeyarwaddy_Times