နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၁ရက်

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅)နယ်မြေရှိ သေသူခီးကျေးရွာ၊ ထီးဂေါ်တာကျေးရွာ၊ ဂယ်ယူဒဲကျေးရွာနှင့် တာဒဲဒဲ ကျေးရွာများရှိ စာသင်ကျောင်း (၁၁) ကျောင်းကို ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေမှစတင်၍ ပိတ်ထားရကြောင်း ဒေသခံများထံက သိရသည်။

KNU တပ်မဟာ (၅) နယ်မြေရှိ ခေပူးစစ်ကောင်စီအထိုင်ချ တပ်စခန်းကို ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNU/KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အဆိုပါဒေသအတွင်း လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များ ထံကသိရသည်။

“ စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတယ်။ စစ်ရေးပစ်မှတ်တွေ မဟုတ်တဲ့နေရာတွေကိုပါ ဗုံးကြဲနေတာ မနေ့က (စက်တင်ဘာ၁၀ရက်) အထိကို ခုနစ်ကြိမ်ရှိပြီ။ ကျောင်းဆရာဆရာမတွေနဲ့ ကျောင်းသား အချို့သေဆုံးထိခိုက်ရတာတွေရှိနေပြီး စာသင်တဲ့ကျောင်းသားတွေလည်း ထိခိုက်မှုတွေ ရှိလာတာကြောင့် ကျောင်းတွေပိတ်လိုက်ရတာ” ဟု ကျောင်းသားမိဘတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့ကလည်း KNU တပ်မဟာ (၅)နယ်မြေရှိ ဒွယ်လှီး မြို့ ထိဂေါ်တာ ကျေးရွာကို လေယာဥ်ဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့၍ ကျောင်ဆရာတစ်ဦးနှင့် ကျောင်းသား သုံးဦးထိခိုက် သေဆုံးကာ ကျောင်းဆရာမ တစ်ဦးအပါအဝင် ကျောင်းသားခြောက်ဦးနှင့် အရပ်သားတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ပုံစာ-လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်ခံရစဉ်

#ဖာပွန်မြို့နယ် #KNUတပ်မဟာ၅ #စစ်ကောင်စီတပ် #လေကြောင်းဗုံးကြဲတိုက်ခိုက် #စာသင်ကျောင်း၁၁ကျောင်း #ပိတ်ထား #Ayeyarwaddy_Times