ဧရာဝတီတိုင်းမ်

(မင်းလှ)၊ စက်တင်ဘာလ ၁၁ ရက်

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်−မြို့ချောင်း ပဲခူးရိုးမဖြတ်ကျော်လမ်းရှိ စစ်ကောင် စီ၏ခါချဉ်တောင်စခန်းကို စက်တင်ဘာလ ၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် သာယာဝတီခရိုင် PDF တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ-၅ မှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သား၊ ရဲ၊ သစ်တော ရုံးဝန်ထမ်း အင်အား ၅၀ ကျော်သည် ခါချဉ်တောင်ပေါ်တွင် ကတုတ်ကျင်းများတူးကာ အခိုင်အမာ တပ်စွဲထားပြီး အဆိုပါ ခါချဉ်တောင်စခန်းကိုလက်နက်ကြီးများဖြင့် ပထမဦးစွာပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ပြီးနောက် မြေပြင်မှ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထပ်မံတပ်စွဲနိုင်ခြင်းမရှိစေရန် စခန်းကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

“အဲ့ဒီစခန်းကအရင်က သစ်တောကလူတွေနေတာ။ နောက်ပိုင်းမှာစစ်ကောင်စီတပ်က အခိုင်အမာတပ်စွဲပြီး စခန်းချထားလိုက်တာ။ ကျွန်တော်တို့ဘက်က တိုက်ခိုက်ဖို့ စီစဉ် ထားတာကြာပြီ။ အခုစုံစမ်းကြည့်တော့ သူတို့က ၃၀ လောက်ပဲရှိတယ်ဆိုလို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်ကကျည်ကုန်လောက်မယ့် အချိန်ကိုစောင့်ပြီး အနီးကပ်ဝင်တိုက်တော့ အကုန်ထွက်ပြေးသွားကြတယ်။ ပြန်ကြားရသလောက်တော့ ခံပစ်နေပေမယ့် စစ်ကူခေါ်တာ ရောက်မလာလို့ဆိုပြီး ထွက်ပြေးသွားကြတာ” ဟု PDF တပ်ရင်း ၃၈၀၂ တပ်ရင်းတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခါချဉ်တောင်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပဲခူးရိုးမအတွင်း သစ်နှင့် သစ်တောထွက် ပစ္စည်းများအတွက် စစ်ကောင်စီကို အခွန်အခကောက်ခံခြင်း၊ ရိုးမဖြတ်လမ်းကို သွားလာနေသည့်‌ဒေသခံများ၏ ဆိုင်ကယ်၊ ဖုန်းတို့ကို အနိုင်ကျင့် သိမ်းယူခြင်း၊ ဘေးမဲ့တောများမှ သစ်များကို တန်ပေါင်းရာချီ၍ ခိုးထုတ်ခွင့်ပြုပြီး စစ်ကောင်စီအတွက် ဝင်ငွေရှာဖွေပေးနေခြင်းတို့ကြောင့် တိုက်ခိုက်ခဲ့ရခြင်း ဖြစ်ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း(၃၈၀၂) ထံက သိရသည်။

မင်းလှမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့ကလည်း PDF များကိုဖမ်းဆီး မည်ဟုပြောဆိုထားပြီး ပဲခူးရိုးမအတွင်းရှိ PDFစခန်းတည်နေရာများကို လိုက်လံ လမ်းပြခြင်း၊ သစ်ခိုးထုတ်မှုများတွင် စစ်တပ်အတွက်ငွေကောက်ခံခြင်းများ ပြုလုပ် ပေးနေသည့် ပျူစောထီးအဖွဲ့ဝင်လင်မယား နှစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ – သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅

#မင်းလှ #စစ်ကောင်စီ၏ခါချဉ်တောင်စခန်း #စခန်းသိမ်းမီးရှို့ #PDF #Ayeyarwaddy_Times