ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ စက်တင်ဘာလ ၁၀ ရက်)

လိင်အင်္ဂါ အကြောင်းပြောတာနဲ့ ရှက်စရာ ၊ ရွံစရာ ညစ်ညမ်းစကားပြောသူ အဖြစ် မြင်တတ်ကြတဲ့ အတွေး အခေါ်‌ဟောင်း၊ စဉ်းစားချက်အဟောင်းတွေဟာ အတိတ်မှာ ကျန်ခဲ့ပြီ ဖြစ်ပါတယ်။ မျိုးဆက်ပွားကျန်းမာရေးကို မသိနားမလည်လို့ ဒုက္ခများခဲ့ရတဲ့ အဖြစ်ပျက်တွေ အကြောင်းအရာတွေများစွာကို အတိတ်မှာကြုံခဲ့ကြပြီး ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတမရှိဘဲ မှားယွင်တဲ့အပြုအမူနဲ့ မှားယွင်းတဲ့အရာတွေကို လုပ်ဆောင် မိတဲ့အခါ ပြင်မရ‌တဲ့ အဖြစ်ဆိုးတွေ ကြုံတွေ့ရပါတယ်။ လူမှုဘဝမှာလည်း အခက်အခဲတွေနဲ့ အမှားသံသရာလည်နေစေတော့မှာပါ။

အမှားတွေကို တကယ် ရပ်တန့်ဖို့ဆိုရင် မသိတာတွေကို သိအောင် လုပ်ရပါမယ်။ ပြင်ဆင်လို့ရတဲ့အမှားတွေကို မဖြစ်လာအောင် ကြိုတင်ကာကွယ်ရပါမယ်။ဒါကြောင့် လိင်အင်္ဂါမှကူးစက်တဲ့ရောဂါတွေကာကွယ်ဖို့နဲ့ သားဆက်ခြားနည်းလမ်းထဲက အရေးကြီးဆုံးတစ်ခုဖြစ်တဲ့ ကွန်ဒုံးအကြောင်းကို လူတိုင်းသိထားဖို့လိုအပ်ပါတယ်။

မိမိကိုယ်ကိုယ် ကာကွယ်နိုင်သလို လိင်မှကူးစက်တဲ့ ရောဂါပြန့်ပွားခြင်းကနေလည်း ကာကွယ်ပေးနိုင်တာကြောင့် ဆရာဝန် တွေဟာ ကွန်ဒုံးဆောင်ထားတဲ့ သူကိုစမတ် ကျတဲ့သူလို့ ပြောဆိုတတ်ကြပါတယ်။

#ကွန်ဒုံးဆိုတာ

လိင်ဆက်ဆံတဲ့အခါ သုံး တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ စိတ်ဝင်စားစရာကတော့ ကွန်ဒုံးက လူ့သမိုင်းမှာ တော်တော်စောစောလေး ပေါ်ခဲ့တာပါပဲ။ ပထမဆုံးကွန်ဒုံးကို ဘီစီ ၃၀၀၀ ခုနှစ် ကြေးခေတ်လောက်မှာ စတင်တွေ့ရှိခဲ့တာပါ။ ရှေးဟောင်းသုသေသန ပညာရှင်တွေ ရှာဖွေတွေ့ရှိချက်အရ ကွန်ဒုံးကိုအသုံးပြုခဲ့ကြတာ နှစ်၅၀၀၀ ရှိနေပြီဖြစ်တယ်လိုဆိုပါတယ်။ ကွန်ဒုံးဟာ ဆိတ်ရဲ့ ဆီးအိမ်ကို လိင်ဆက်ဆံတဲ့အခါ ကြားခံအစွပ်အနေနဲ့ သုံးခဲ့တာဖြစ်ပြီး လူနေမှုတွေ ဆင့်ကဲဖွံ့ဖြိုးလာတဲ့အခါ အီဂျစ် ယဉ်ကျေးမှု ရောမယဉ်ကျေးမှုတွေမှာလည်း ကွန်ဒုံးအသုံးပြုတာကို တွေ့ရတယ်လို့ သိရပါတယ်။ ယနေ့ခေတ်မှာတော့ ကွန်ဒုံး ကို နေရာတိုင်းမှာ လွယ်လင့်တကူရနေနိုင်ပြီ ဖြစ်ပါတယ်။

လွယ်လွယ်ကူကူရနေတဲ့ ကွန်ဒုံးမှာ ဘာကောင်းကျိုးတွေ ရှိပါသလဲ?

ကွန်ဒုံးကို စနစ်တကျ‌နဲ့ သေသေချာချာအသုံးပြုမယ်ဆိုရင် ကိုယ်ဝန်မရအောင် ထိန်းပေးနိုင်တယ်။ သန္ဓေတားပေးနိုင်ပါတယ်။ ဒါ့အပြင် HIV၊ ဂနို၊ ဆီးပူညောင်းကျ၊ ဆစ်ဖလစ် စတဲ့ ကာလသားရောဂါတွေ အပါအဝင် လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးပါတယ်။

#ကွန်ဒုံးနဲ့သန္ဓေတားနိုင်စွမ်း

အချိန်တွက်ချက်ပြီး (family planning) သားသမီးယူဖို့အတွက်ပြင်ဆင်နေကြတဲ့ စုံတွဲ တွေအတွက် ကွန်ဒုံး သုံးသင့်ပါတယ်။ လက်မထပ်ခင် အတူနေကြတဲ့ စုံတွဲတွေလည်း ကွန်ဒုံးကို မဖြစ်မနေသုံးသင့်ပါတယ်။ ဟော်မုန်းပါဝင်တဲ့သန္ဓေတားဆေးတွေ မသုံးချင်တဲ့ အခါမှာလည်း ကွန်းဒုံးကို ရွေးချယ် သန္ဓေတားကြပါတယ်။ သန္ဓေတားသောက်ဆေး သန္ဓေတားထိုးဆေးတွေ စပေးပေးချင်းမှာလည်း စတင်သုံးစွဲတဲ့အခါမှာလည်း ကာကွယ် မှုပြီးပြည့်စုံဖို့ ကွန်ဒုံးကို ၇ ရက်တိတိ တွဲသုံးပေးရပါတယ်။

စစ်ကောင်စီတပ်နဲ့ စစ်ဖြစ်ပွားနေတဲ့ဒေသ‌မှာ သန္ဓေတားပစ္စည်းရှားပါး ပြတ်လပ်မှုကြောင့် နေထိုင်ရတဲ့ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်စခန်းမှာနေရ သူတွေ ကိုယ်ဝန်ဆောင် နှုန်းမြင့်တက်လာတာတွေ့ရပါတယ်။

အဲ့ဒါတွေအပြင် ကိုယ်ဝန်ဆောင်နေတဲ့ ကာလအတွင်းမှာ ကာကွယ် ဆေးမရရှိခြင်း၊ ကိုယ်ဝန်ဆောင် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံနိုင်ရန်ခက်ခဲခြင်း၊ သားဖွားဖို့ ပြင်ဆင်ရန်ခက်ခဲခြင်း စတဲ့အခက်အခဲတွေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာအာဟာရ ပြည့်ဝရန် ခက်ခဲခြင်း၊ စစ်ရှောင်စခန်းတွေဖြစ်တာကြောင့် နေရာထိုင်ခင်းပြင်ဆင်ရန် ခက်ခဲခြင်း စတာတွေကိုလည်း ကြုံတွေ့ရင်ဆိုင်နေရပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ စစ်ကောင်စီတပ်ရဲ့ လေယာဉ်ပျံသုံးကာအကြမ်းဖက် ဗုံးကျဲခြင်း၊ ရွာမီးရှို့ခြင်းတွေလို အရေးပေါ်ကာလမျိုး ကြုံရတဲ့အခါမျိုးမှာလည်း တိမ်းရှောင်ရ တာကြောင့် ဒုက္ခများကြရပါတယ်။

ဒါကြောင့် အဲ့ဒီလိုနေရာတွေကို သားဆက်ခြားပစ္စည်းတွေ၊ ဆေးဝါးတွေ ပံ့ပိုး ကူညီပေးနိုင်ဖို့ကအရေးပေါ်လို အပ်ချက် တစ်ခုဖြစ်နေပါတယ်။

#ကွန်ဒုံးအစွမ်း

လိင်ကိစ္စနဲ့ ကွန်ဒုံးကိုခွဲမရဘူး။ တစ်သားထဲဖြစ်နေတယ်ဆိုတာမျိုးအထိ ဖြစ်အောင် ဂရုစိုက်ပါ။ မဖြစ်မနေ သုံးဖို့သတိရပါ။ လိင်မှုကိစ္စမစတင်မီ ထိုးသွင်းဆက်ဆံမှု မပြုခင်ကတည်းက စနစ်တကျ အကာအကွယ်သုံးရပါမယ်။

စိတ်အလိုကို လိုက်ပြီး အပျော်ရှာတဲ့အခါမှာလည်း ကွန်ဒုံးသုံးဖို့ မမေ့ပါနဲ့။ လိင်ကနေကူးစက်တတ်တဲ့ ရောဂါတွေရှိနေပါက ကိုယ်ရဲ့ လိင်ဆက်ဆံဖော်ကို အပြန်အလှန် ကူးစက်နိုင်ပါတယ်။ ဘယ်သူ့ကိုမှ အလွယ်တကူ မယုံကြည်ပါနဲ့။

လိင်တူဆက်ဆံကြတဲ့ အမျိုးသားတွေအနေနဲ့လည်း ကွန်ဒုံးကို စနစ်တကျ သုံးဖို့ ပိုလိုအပ်ပါတယ်။ မိန်းမကိုယ်က ချောမွေ့နေပေမယ့် စအိုပေါက်ကတော့ ကမောက်က မဖြစ်‌နိုင်တာကြောင့် ကွန်ဒုံးပေါက်ပြဲတတ်ပါတယ်။ ချောမွေ့စေဖို့အတွက် ရေဓာတ်ကနေ အဓိကထားထုတ်လုပ်တဲ့ ဂျယ်လို ချောဆီကို သုံးပေးဖို့လိုပါတယ်။ ကွန်ဒုံးပေါက်ပြဲ ကွဲထွက်သွားခဲ့ရင် ရောဂါကို မကာကွယ်နိုင်ဘဲ ဖြစ်တော့တာမို့ ဂရုစိုက်ရပါမယ်။

#အရွယ်အစားအမျိုးမျိုးရှိသောကွန်ဒုံးများ

အမျိုးသားလိင်တံ အရွယ်အစားတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြတာကြောင့် အကာအကွယ်ပစ္စည်း‌ဖြစ်တဲ့ ကွန်ဒုံးကလည်း ဆိုဒ်မျိုးစုံ ရှိနေပါတယ်။

အမျိုးသားတွေအနေနဲ့ ကွန်ဒုံးအသုံးပြုတဲ့အခါ 49mm ၊ 52mm ၊ 54mm ၊ 56mm ဆိုပြီး အရွယ်စုံကို ရွေးချယ်နိုင်ပါတယ်။ လိင်တံကကြီး‌နေတဲ့အခါ ကွန်ဒုံး‌ပေါက်ပြဲ ကွဲထွက်တာ ကြုံရနိုင်ပြီး ကွန်ဒုံးက ကြီးနေတယိဆိုရင်လည်း အတူနေစဉ် ချောင်ထွက်ပြီး လိင်တံမှ ကျွတ်ထွက် သွားတတ်ပါတယ်။ ဒါကြောင့် ရှိသင့်ရှိထိုက်တဲ့ အရွယ်စားအမှန် အကာ အကွယ်ပစ္စည်း ကိုသာရွေးချယ်သုံးရမှာဖြစ်ပါတယ်။

#ကွန်ဒုံးဝယ်တာဆောင်တာရှက်စရာမဟုတ်ပါ

တချို့သော လူပျိုများ တစ်ကိုယ်ရည်အာသာဖြေတဲ့အခါ ကွန်ဒုံးစွပ်ပြီး အာသာဖြေကြ ပါတယ်။ ဒါကလည်းကောင်းတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။

လူပျိုတွေ ကွန်ဒုံး ဝယ်တာက ရှက်စရာမဟုတ်ပါဘူး။ အကာကွယ်မဲ့လိင်ဆက်ဆံပြီး နောက်ဆက်တွဲပြဿနာတွေကို တာဝန် မယူတတ်တဲ့ ယောကျာ်းတွေကသာ လူကြီးလူကောင်းမပီသ ရှက်ရမှာ ဖြစ်ပါတယ်။

#ကွန်ဒုံးနဲ့အခမဲ့ကျန်းမာရေး

ကျန်းမာရေး NGO အဖွဲ့အစည်းအများစုဟာ လိင်ကနေ ကူးစက်တတ်တဲ့ ရောဂါတွေကို နှိမ်နင်းထိန်းချုပ်ဖို့အတွက် ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဆေးရုံဆေးခန်းတွေမှာ အကာအကွယ်သုံးပစ္စည်း ကွန်ဒုံးကို အခမဲ့ဖြန့်ဝေပေးပါတယ်။ မှန်မှန်ကန်ကန် အသုံး ချပြီး ရောဂါတွေကို ကာကွယ်လို့ရပါတယ်။

အကာကွယ်မဲ့ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံပြီးခဲ့ရင်လည်း ဆေးရုံဆေးခန်းတွေမှာ အမြန်ဆုံး ပြသစစ်‌ဆေးပြီး ကုသမှုခံယူပါ။

#ကွန်ဒုံးဝယ်ယူလို့ရတဲ့နည်းလမ်းများ

ကွန်ဒုံးကို ဆေးဆိုင်များ Pharmacy ၊ စူပါမားကတ်များ၊ Convenience Store စျေးဆိုင်များ၊ ကွမ်းယာဆိုင်များ အထိ အလွယ်တကူဝယ်ယူ ရရှိနိုင်ပါတယ်။ အဲ့ဒီလို ကွန်ဒုံးဝယ်ယူဖို့ အဆင်မပြေသူတွေ အနေနဲ့ Online Shopping ဈေးဝယ်နိုင်သည့် နေရာတွေကနေ ဝယ်ယူနိုင်ပါတယ်။

ရှက်စရာမဟုတ်တာကို ရှက်စရာထင်ပြီး ရောဂါအဖြစ်ခံပြီး မမိုက်ကြဖို့ တိုက်တွန်း လိုပါတယ်။ ရှေးရိုးစွဲ အတွေးအခေါ်ဟောင်းတွေကြောင့်တော့ ကိုယ့်ကိုယ်ကို အထိမခံဖို့ လိုပါတယ်။ သင်ကိုယ်တိုင် ဒီခိုက်သူမဖြစ်အောင် ရင်ဆိုင်ကျော်လွှားရမှာ ဖြစ်ပါတယ်။

ကွန်ဒုံး အသုံးပြုပုံ အပါအဝင် ပညာပေးနေသော Facebook စာမျက်နှာများစွာ ရှိပါတယ်။ ဆရာဝန်များ၏ ရှင်းပြချက်များကိုလည်း ရှာဖွေဖတ်ရှုနိုင်ပါတယ်။ တော်လှန်ရေး မှာ ပါဝင်နေတဲ့ “တယ်လီကျန်းမာ ” အွန်လိုင်းဆေးခန်း နှင့် NUG ကျန်းမာရေးဝန်ကြီးဌာန မှလည်း စဉ်ဆက်မပြတ် ကျန်းမာပညာပေးနေပါတယ်။ ” မရှက်နဲ့ ” “Top Center Myanmar” “Prevent Yangon” တို့လို တိကျတဲ့ အချက်အလက်တွေနဲ့ မျိုးဆက်ပွား ကျန်းမာရေးအပိုင်းမှာ စနစ်တကျကူညီနေတဲ့ NGOတွေ၊ ဆေးခန်းတွေရဲ့ Facebook စာမျက်နှာတွေကိုလည်း လေ့လာနိုင်ကြောင်း လမ်းညွှန်လိုပါတယ်။

ကျွန်တော်တို့ ဧရာဝတီတိုင်းမ်ရဲ့ ကျန်းမာရေးပညာပေး ကဏ္ဍကနေပြီးတော့လည်း မျိုးဆက်ပွား ကျန်းမာရေးကို အလျဉ်းသင့်သလို ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။

နောက်တစ်ပတ်မှာတော့ ခွေးရူးပြန်ရောဂါ အကြောင်း‌တင်ဆက်မှာ ဖြစ်တာကြောင့် ဆက်လက်ပြီး စောင့်မျှော်ဖတ်ရှုကြ​ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

ပရိသတ်များအားလုံး ပဋိပက္ခကာလအတွင်း ကျန်းမာစွာ ရှင်သန်နေထိုင်နိုင်ကြပါစေ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #စမတ်ကျသူ #ကွန်ဒုံးဆောင်၍ကာကွယ်ခြင်း #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)