ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၁၀ ရက်

ကုန်ဈေးနှုန်းကို ထိန်းညှိရန်ဟုဆိုကာ စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေး၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အပါအ၀င် ညွှန်ကြားရေးမှူး ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ထို့ပြင် စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ပြောင်း၊ စားသုံးဆီ၊ ဆန်နှင့်စက်သုံးဆီလုပ် ငန်းရှင်များနှင့် ဘဏ်အချို့မှ တာ၀န်ရှိသူများကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“ဘဏ်ကလူတွေနဲ့ လုပ်ငန်းရှင်တွေကို ဖမ်းထားတာတော့ နည်းနည်းကြာပြီ။ အခုစီးပွား ကူးသန်းကညွှန်ချုပ်နဲ့ ၅ ဦးကိုတော့ ဗိုလ်မှူးချုပ်ကိုဖမ်းပြီးမှ ဖမ်းတာ။ ဒီတစ်ပတ်ထဲမှာပဲ ကုန်စည်ဒိုင်တွေကိုလည်း ဖမ်းတာရှိတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ အတွင်းရေးမှူး၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးမှူးအတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးကို ဖမ်းဆီးထိန်းသိမ်း ခဲ့ပြီးနောက် ထိုသို့ဖမ်းဆီးမှုများကို ဆက်တိုက်လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် စီးပွားရေးလုပ်ငန်းရှင်များ၊ ဆီကုန်သည်များနှင့် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များကို အဓိကထားဖမ်းဆီး စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

“သိမ်ကြီးဈေးမှာရှိတဲ့ ကုန်ဆိုင်ကြီးတွေက အယောက် ၄၀ ကျော်ကို ဖမ်းသွားတယ်။ ဆေးဆိုင်ကြီးတွေ၊ ဆီဆိုင်ကြီးတွေ၊ ဆန်ဆိုင်ကြီးတွေက လူတွေကိုပဲဖမ်းသွားတာ။ ပြီးတော့ တစ်ယောက်ကို သိန်း ၂၀၀ နဲ့ပြန်ရွေးရမယ်ပြောတယ်”ဟု လုပ်ငန်းရှင်များနှင့်နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမေရိကန် ဒေါ်လာ ရောင်းချမှုများနှင့်ပတ်သက်ပြီး ဘဏ်အချို့နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများကို ဖမ်းဆီး စစ်ဆေးနေခြင်းဖြစ်ပြီး လုပ်ငန်းရှင်အများစုကိုပါ ထပ်မံဖမ်းဆီး၍ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ-စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် UMFCCI ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂ ရက်နေ့ကတွေ့ဆုံစဉ်

#စစ်ကောင်စီ #ဒေါ်လာရောင်း၀ယ်မှု #လုပ်ငန်းရှင်များ #ဘဏ် #စီးပွားကူးသန်းညွှန်ချုပ် #ဖမ်းဆီး #Ayeyarwaddy_Times