ဧရာဝတီတိုင်းမ်
(တွန်းဇံ)၊ စက်တင်ဘာ ၁၀ ရက်

ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)၊ တပ်ရင်း-၂ သည် မိမိတို့၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သော တပ်ရင်း-၃ ၊ တပ်ခွဲ-၃ ၏ တပ်ခွဲမှူးဟောင်းဦးမန်မွန်းပြောင်းကို ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့တွင် အချင်းချင်းအပြစ်ရှာကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့်အတွက် ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)၏ တပ်ရင်းတပ်ဖွဲ့မှ တရားဝင်ထုတ်ပယ်ခဲ့ကြောင်း သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)တပ်ရင်း-၂ သည် ပြီးခဲ့သည့် ဧပြီလအတွင်းက ဦးမန်မွန်းပြောင်းကို မူးယစ်ဆေးဝါးရောင်းဝယ်မှုပုံစံဖြင့် ဖမ်းဆီး၍ ဓာတ်ပုံရိုက်ခဲ့သည်။ ထို့နောက် သတင်းမှားဖြန့်ဝေကာ သေနတ် ရှစ် လက်ဖြင့်ရွေးခိုင်းသည့်အတွက် ဇိုမျိုး နွယ်စုက ပံ့ပိုးကူညီပေးသော သေနတ်များဖြင့် ပြန်လည်ရွေးယူခဲ့ကြောင်း ချင်းကာကွယ် ရေး တပ်ဖွဲ့(တွန်းဇံ)ထံက သိရသည်။

“သေနတ် ၈ လက်နဲ့ ရွေးပြီးတော့ ပြန်လွှတ်လိုက်တယ်။ ပြီးတော့ ဦးမန်မွန်းပြောင်းက ကျွန်တော်တို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)၊ တပ်ရင်း-၃ အတွက် ရဲဘော် အသစ်တွေကို ခမ်းပတ်ကနေ လာပို့တာပေါ့နော်။ တပ်ရင်း-၃ အင်အားကောင်းလာမှာကို စိုးရိမ်လို့ ဦးမန်မွန်းပြောင်းကို ပြန်ဖမ်းလိုက်တယ်။ ပြန်ဖမ်းတဲ့အချိန်မှာ ကျွန်တော်တို့ ကိုလည်း အကြောင်းမကြားဘူး။ ဘယ်သူ့ကိုမှ အသိမပေးဘဲနဲ့ သတ်ပစ်လိုက်တယ်။ ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)ခေါင်းဆောင်အနေနဲ့ အချင်းချင်းငဲ့ညှာခြင်းမရှိတာ ကြောင့်တပ်ရင်း-၂ ကို အပြီးပိုင် ဖယ်ထုတ်လိုက်ခြင်းဖြစ်ပါတယ်”ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့ (တွန်းဇံ)၊ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ပြော‌ရေးဆိုခွင့်ရှိသူ ဦးထန်ဆွင်းမုန်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

ထို့ပြင် တွန်းဇံမြို့ရှိ စစ်ကောင်စီတပ်၏ တပ်စခန်းကို ချင်းအမျိုးသားတပ်မတော်/ ချင်းအမျိုးသားတပ်ဦး၏ ဦးဆောင်မှုနှင့်အတူ မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက် ရာတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)တပ်ရင်း-၂ကို စစ်ကူတောင်းခဲ့သော်လည်း လာ‌ရောက်ပူးပေါင်း၍ ကူတိုက်ပေးခြင်းမရှိကြောင်းသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့ကလည်း ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)၏ ယာယီတပ်စခန်းကို ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့၍ ဇိုမီး လက်နက်ကိုင်တပ်ဖွဲ့ကို ပြန်လည်တိုက်ထုတ်ရန် တပ်ရင်း-၂ ကို စစ်ကူထပ်ခေါ် ခဲ့သော်လည်း လာရောက်ခြင်းမရှိကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ (တွန်းဇံ)၏ အထွေထွေအတွင်းရေးမှူးချုပ်ထံက သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)၊ တပ်ရင်း-၃ တပ်ခွဲမှူးဟောင်း ဦးမန်မွန်းပြောင်းသည် တပ်ရင်း-၂ ၏ ထိန်းချုပ်နယ်မြေအတွင်း အုပ်ချုပ်ရေးကဏ္ဍ၊ စစ်ရေးကဏ္ဍတို့တွင် ဝင်ရောက် စွတ်ဖက်ခြင်း၊ ဇို/ထာဒိုတပ်ရင်းကို ပြန်လည်တိုက်ခိုက်ရန် ရဲဘော်အသစ်များ စုဆောင်း၍သင်တန်းပို့ချခြင်း၊ ခမ်းပတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ဝင်/ထွက် ခြင်းများပြုလုပ်ပြီး ပျူစောထီးများနှင့် အဆက်အသွယ်ပြုလုပ်ခြင်း၊ လက်နက်ဝယ် ယူမည့်ငွေကျပ် သိန်း ၃၀၀ ကိုလိမ်လည်ခြင်း၊ မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီး ရမိခြင်း တို့ကြောင့်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)တပ်ရင်း-၂ က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)တပ်ရင်း-၂ ၏ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် ဦးမန်မွန်းပြောင်း

#ချင်းကာကွယ်ရေးတပ်ဖွဲ့တွန်းဇံ #တပ်ရင်း၃တပ်ခွဲမှူး #ဦမန်မွန်းပြောင်း #သတ်ဖြတ်ခံရ #တပ်ရင်း၂ကိုထုတ်ပယ် #Ayeyarwaddy_Times