ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၉ ရက်

ဧရာဝတီတိုင်းတွင်၂၀၂၃ ခုနှစ် သြဂုတ်လအတွင်းအထောက်အထားမဲ့၀င်ရောက်မှုနှင့် စစ်ကောင်စီက ရိုဟင်ဂျာလူမျိုး ၁၀၀ ကျော် ဖမ်းဆီးထားကြောင်းတိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှသိရှိရသည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာလူမျိုးအများစုသည် အခြားနိုင်ငံများသို့သွားရောက်ဖို့အတွက်လိုက်ပါလာစဥ် ပွဲစားများ၏လိမ်ညာမှုခံရပြီး ဖမ်းဆီးခံရသူများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများမှ ပြောသည်။

“သြဂုတ်လထဲမှာတင် ၁၀၁ ဦးဖမ်းထားပါတယ်၊ အဖမ်းခံရခြင်းမရှိပဲ လွတ်မြောက်သွားတဲ့သူတွေလည်းရှိတယ်။ ဖမ်းမိတဲ့သူအများစုက ဗမာစကား မပြောတတ်ကြဘူး”ဟု တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုင်းရဲတပ်ဖွဲ့ စာရင်းများအရ သြဂုတ်လအတွင်းဧရာဝတီတိုင်းအတွင်း ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ အမျိုးသမီး ၁၂ ဦး၊ အမျိုးသား ၈၉ ဦးအား စစ်ကောင်စီ၏ သက်ဆိုင်ရာ တရားရုံးများတွင် လဝက မှတ်ပုံတင်ဥပဒေပုဒ်မ ၆၃ နှင့် တရားစွဲထားကြောင်းသိရှိရသည်။

“ပုဒ်မ ၆၃ က လ၀က အဖွဲ့က တရားစွဲတာ၊ ထောင်ထဲကို လူကြီးတွေကိုပို့ပြီး အသက်မပြည့်သေးတဲ့သူတွေကိုတော့ လူငယ်ထိန်းသိမ်းရေးစခန်းတွေမှာထားတယ်”ဟု ဧရာ၀တီတိုင်းလ၀ကရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာလူမျိုးများသည့် သာပေါင်း၊ လပွတ္တာ၊ ကြံခင်းမြို့နယ်များတွင် အသီးသီးဖမ်းဆီးခံရခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများမှ မလေးရှားနိုင်ငံကိုသွားမည်ဟုဆိုကာ မြန်မာနိုင်ငံသား ပွဲစားတွေကခေါ်ဆောင်လာခံရသူတွေအများစုဖြစ်ကြောင်းသိရှိရသည်။

ဧရာ၀တီတိုင်းတွင် ၂၀၂၃ ခုနှစ်၊ ၆ လအတွင်း ရိုဟင်ဂျာလူမျိုး ၄၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

#ဧရာဝတီတိုင်း #ရိုဟင်ဂျာ #ဖမ်းဆီးခံရ #စစ်ကောင်စီတပ် #Ayeyarwaddy_Times