
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၀ ရက်
ပြင်သစ်နိုင်ငံက စစ်ရေးအရ ဝင်ရောက်စွက်ဖက်နိုင်ဖို့ အနောက်အာဖရိကနိုင်ငံအများအပြားသို့ တပ်ဖွဲ့ တွေ စေလွှတ်ခဲ့တယ်လို့ ဇူလိုင်လအတွင်း အာဏာသိမ်းခဲ့တဲ့ နိုင်ဂျာစစ်တပ်က စွပ်စွဲလိုက်ပါတယ်။
နိုင်ဂျာနိုင်ငံကို ကျူးကျော်တိုက်ခိုက်ဖို့ ပြင်ဆင်မှုတစ်ရပ်အဖြစ် ပြင်သစ်နိုင်ငံက အနောက်အာဖရိကနိုင်ငံ များ စီးပွားရေးအသိုင်းအဝိုင်း (ECOWAS) ဝင် နိုင်ငံများစွာမှာ တပ်ဖွဲ့တွေ ဆက်လက်စေလွှတ်နေတယ်လို့ နိုင်ဂျာ စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အမာဒိုက နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ပြောပါတယ်။
ဇူလိုင်လ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ဖြုတ်ချခံ သမ္မတ မိုဟာမက်ဘာဇွမ်ဘက်မှ ရပ်တည်ခဲ့တာ ကြောင့် ပြင်သစ်နိုင်ငံနဲ့ နိုင်ဂျာနိုင်ငံရဲ့ ဆက်ဆံရေးဟာ မြန်ဆန်စွာ ဆိုးရွားသွားခဲ့ပါတယ်။
ဘာဇွမ်ကို အာဏာပြန်ပေးဖို့ သံတမန်ရေးဖိအား မအောင်မြင်ရင် စစ်ရေးအရ ကြားဝင်စွက်ဖက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အနောက်အာဖရိကအဖွဲ့နဲ့ နိုင်ဂျာနိုင်ငံရဲ့ဆက်ဆံရေးကလည်း လိပ်ခဲတည်းလည်းအခြေအနေ ဖြစ်ပါတယ်။
ဂျီဟတ်ဝါဒီတွေကို တိုက်ခိုက်ဖို့ နိုင်ဂျာနိုင်ငံတွင်း တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင် ၁၅၀၀ ခန့်ရှိတဲ့ ပြင်သစ်နိုင်ငံ နဲ့ မြောက်များလှစွာသော စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေကို နိုင်ဂျာအာဏာသိမ်း ခေါင်းဆောင်က ပြီးခဲ့တဲ့လအစောပိုင်းမှာ ဖျက်သိမ်းခဲ့ပါတယ်။
နိုင်ဂျာနိုင်ငံတွင်း ဖြန့်ကြက်ထားတဲ့ တပ်ဖွဲ့ဝင်တွေ ရုတ်သိမ်းရေးနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးနေတယ်လို့ ပြင်သစ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ပြင်သစ်တပ်ဖွဲ့တွေ ရုတ်သိမ်းဖို့အစီအစဉ်ကို ဆွေးနွေးဖို့ စစ်ဉီးစီးချုပ်က ဆာဟဲဒေသရှိ ပြင်သစ်တပ်ဖွဲ့ များရဲ့တပ်မှူးကို လက်ခံတွေ့ဆုံခဲ့တယ်လို့ နိုင်ဂျာအာဏာသိမ်းစစ်တပ်က စက်တင်ဘာလ ၁ ရက်မှာ ပြောကြား ခဲ့ပါတယ်။
ကိုးကား – VOA
Ref; Niger Military Accuses France of Preparing Forces for ‘Intervention’