ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၀ ရက်

နိုင်ငံခြားဝင်ငွေရရှိရန်အတွက် စစ်ကောင်စီက ကြိုးစားရာတွင် MOU စနစ်ဖြင့် နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသော ပြင်ပရောက်အလုပ်သမားများ၏ လစာငွေ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းဘဏ်များသို့ ယခုစက်တင်ဘာလမှ စတင်၍ တရားဝင်‌ ငွေလွှဲစနစ်ဖြင့် လွှဲရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ညွန်ကြားထားကြောင်း သိရသည်။

ပြင်ပရောက် မြန်မာ အလုပ်သမားများအနေဖြင့် မိသားစုထံငွေပြန်ပို့ရာတွင် လစာငွေ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်ဖြင့်ငွေလွှဲပေးရန် နိုင်ငံခြားဝင်ငွေ လိုအပ်နေသည့် စစ်ကောင်စီက တင်းကျပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ငွေလွှဲရန်အတွက် ပြည်တွင်းဘဏ်များတွင် Special Account ဖွင့်ရမည်ဖြစ်ကာ ငွေလွှဲပို့မည့်သူနှင့် သန်းခေါင်စာရင်းဝင်သူတို့၏ Joint စာရင်းဖွင့်ရမည်ဖြစ်ပြီး တစ်လစာ (သို့မဟုတ်) သုံးလစာပေါင်းလွှဲနိုင်ကြောင်း ပြည်တွင်း ဘဏ်များထံက သိရသည်။

“သူတို့ (စစ်ကောင်စီ)က ဘာတွေပေးခဲ့လို့ ပိုက်ဆံပြန်တောင်းနေလဲမသိဘူး။ ကိုယ့် ပိုက်ဆံနဲ့ကိုယ်သွားရတာ။ လစာဆိုတာလည်း ကိုယ်လုပ်လို့ရတာလေ။ အခြားပြင်ပ နိုင်ငံတွေတော့မသိဘူး။ ထိုင်းမှာတော့ တော်တော်ကျပ်တယ်။ MOU နဲ့လာတဲ့ အလုပ်သမားမဟုတ်ဘူး။ တချို့အောက်လမ်းကလာရတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ရှိတယ်။ သူတို့လည်း ထိုင်းအလုပ်သမားကဒ်လုပ်ရတဲ့အခါ နှစ်ဖက်ညှိပြီးတော့ စောင့်တောင်းနေတာရှိတယ်” ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါညွှန်ကြားချက်ကို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်ကတည်းက မူဝါဒအရ ထုတ်ပြန်ထားခြင်းဖြစ်ပြီး မူဝါဒအရဆောင်ရွက်ပေးရခြင်းရှိကြောင်း ပြည်တွင်းရှိ ပြင်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

“အဲဒါကိုဝန်ခံကတိနဲ့ Demand တင်တဲ့အခါအေဂျင်စီက လက်မှတ်ထိုးပေးရပါတယ်။ မူဝါဒအရ ဆောင်ရွက်ပေးရတာ။ အေဂျင်စီက တာဝန်ယူပေးပါမယ်လို့ တာဝန်ခံပေးရတဲ့ သဘောပါ။ အထောက်အထားတော့ပြစရာမလိုပါဘူး” ဟု ပြင်ပအလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူ က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိ လစာ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းဘဏ်များထံ လွဲပြောင်းအပ်ပါက ရင်းနှီး မြုပ်နှံမှုနှင့် ပစ္စည်းများဝယ်ယူခြင်းအတွက် အခွန်ကင်းလွတ်ခွင့်၊ သက်သာ ကင်းလွတ်ခွင့် များ ရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနထံက သိရသည်။

ထို့ပြင် တရားဝင်ငွေလွှဲခြင်းမရှိသော အလုပ်သမားကို နောက်တစ်ကြိမ်ပြည်ပထွက်ခွာ လုပ်ကိုင်ခွင့် ၃ နှစ်ပိတ်ပင် တားမြစ်ခံရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ဆိုထားသည်။

အဆိုပါ အကြောင်းအရာနှင့် ဆက်စပ်၍ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က အကြမ်းဖက် စစ်ကောင်စီသည် အလုပ်သမားများကို မတရားအာဏာပြဖိနှိပ်ရန်နှင့် ရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်ခလစာကို အဓ္ဓမခေါင်းပုံဖြတ်ကာ ပြည်သူများအပေါ် ညှင်းပန်းနှိပ်စက်ခြင်းဖြစ်ပြီး တည်ဆဲဥပဒေ ၁၉၉၉ ခုနှစ် ပြည်ပအလုပ် အကိုင်ဆိုင်ရာ ဥပဒေကို ကျော်လွန်နေကြောင်း ထုတ်ပြန်ထားသည်။

ယင်းပြင် အလုပ်အကိုင်အေဂျင်စီများအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများထံမှ လုပ်ခလစာဖြတ်တောက်ခြင်း၊ တခြားတနည်းနည်းဖြင့် ဖိအားပေးလွှဲပို့ရန်လုပ်ဆောင် သည့် အေဂျင်စီ(သို့မဟုတ်)ပုဂ္ဂိုလ်ကို ထိရောက်ပြင်း ထန်စွာအရေးယူမည်ဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ပြည်ပနိုင်ငံများတွင် လစာရရှိသည့် အလုပ်သွားရောက်လုပ်ကိုင်သူများ၏ လစာ အပေါ် အခွန်ကင်းလွတ်ခွင့်အား ၂၀၁၂ ခုနှစ်ကတည်းက ယခုချိန်ထိပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ ၄၅၅ ခုရှိပြီး ပြည်ပနိုင်ငံတွင် အလုပ်သမားရေးရာကိစ္စများပေါ်ပေါက်ပါက တာဝန်ယူဖြေရှင်းရန် အပြည့်အဝကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ဆိုထားသည်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၂၃ ခုနစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ ပြည်ပနိုင်ငံ ၈၉ နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သား ၁၆ သန်းရှိကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#နိုင်ငံခြားဝင်ငွေ #စစ်ကောင်စီ #ပြင်ပရောက်အလုပ်သမားများ #လစာ၂၅ရာခိုင်နှုန်း #စက်တင်ဘာလ #တရားဝင်လွဲရန်ဖိအားပေး #Ayeyarwaddy_Times