
ဧရာဝတီတိုင်းမ်
(ဝေါ)၊ စက်တင်ဘာလ ၁၀ ရက်
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ ၉ ရက်၊ နံနက် ၅ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားများ နှင့် ပျူစောထီးများ အခြေစိုက်နေထိုင်ရာ စစ်ကောင်စီရုံးကို PDF တပ်ရင်း (၃၇၀၂) တပ်ခွဲ-၄၊ KNLA ၊ Nighthawks ဒရုန်းအဖွဲ့နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ သွားရောင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လက်ပံကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူစောထီးများမှာ အနီးဝန်းကျင်မှကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး မြေပြင်မှလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦး သေဆုံးပြီး ဗိုလ်ကြီးအဆင့်အပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
“ရွာတွေမှာ စစ်ကောင်စီတပ်က နားမလည်တဲ့သူတွေကို ပျူစောထီးသင်တန်းတက်ခိုင်း တာတွေ၊ ပျူစောထီးအတွက်ဆိုပြီးရွာထဲမှာ ပိုက်ဆံ ၅၀၀၀၊ ၁၀၀၀၀ ထည့်ခိုင်းတာတွေ၊ ခဲယမ်းဝယ်ဖို့ ပိုက်ဆံကောက်နေတာတွေ လုပ်နေတာ။ တအားဆိုးလာလို့ အခုလိုသွား ရောက် တိုက်ခိုက်ခဲ့တာပါ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
လက်ပံကျေးရွာ မှ ပျူစောထီးအဖွဲ့ဝင် ၁၃ ဦးသည် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက စစ်ကောင်စီတပ်အတွင်း ၁ လကြာ စစ်သင်တန်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တက်ရောက်ပြီးနောက် စက်တင်ဘာလ ၆ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာပြီး ညပိုင်းတွင် ဝေါမြို့နယ်၊ ကျောက်ပုံရွာ စာသင်ကျောင်းအရှေ့မှ ၈၁-မမ လက်နက်ကြီး ငါးလုံးဖြင့် ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
“ပစ်တာကတော့အကြောင်းမဲ့ပစ်တာပါ။ အကြောင်းပြချက်ကတော့ ခရွဲရွာထဲကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ရောက်နေတယ်ဆိုပြီး ပစ်ကြတာ။ လူထိခိုက်မှုတွေ မရှိပေမယ့် လူနေအိမ်တွေနားအထိကို ကျရောက်တယ်။ ဒေသခံတွေကို ကျွန်တော်တို့ ဘက်ကတော့ ဗုံးခိုကျင်းတွေတူးခိုင်းထားတယ်။ လက်နက်ကြီး သံတွေကြားရင် ဗုံးခို ကျင်းထဲ နေကြဖို့ပြောထားပါတယ်” ဟု အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်လက် ပြောကြားသည်။
လက်ပံကျေးရွာရှိ အဆိုပါစစ်ကောင်စီစခန်း တိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဝေါမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများမှ ခရွဲကျေးရွာဘက်သို့ ၈၁-မမလက်နက်ကြီး ၁၀လုံးနှင့်အထက် ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ဓာတ်ပုံ – ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ။
#ဝေါမြို့နယ် #ပျူစောထီး #စစ်ကောင်စီရုံးတိုက်ခိုက်ခံရ #ဒရုန်း #PDF #KNLA #Ayeyarwaddy_Times