ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၁၀ ရက်

ဘရာဇီးတိုက်စစ်မှူး နေမာဟာ ကမ္ဘာကျော်ဂန္တဝင်ဘောလုံးသမားကြီး ပီလီတင်ထားခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ဘရားဇီးအသင်းသမိုင်းတလျှောက် ဂိုးအများဆုံးသွင်းတဲ့ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဘရာဇီးနဲ့ ဘိုလီးဗီးယားအသင်းပွဲစဉ်မှာ နေမာဟာ နှစ်ဂိုးသွင်းယူခဲ့ပြီး ပီလီတင်ထားခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးအသင်းအတွက် ဂန္တဝင်ကစားသမားကြီးပီလီဟာ ၉၂ ပွဲကစားပြီး ၇၇ ဂိုး သွင်းယူပေးခဲ့ပါတယ်။ နေမာကတော့ လက်ရှိမှာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၁၂၅ ပွဲကစားပြီး ၇၉ ဂိုးသွင်းယူကာ အသင်းရဲ့ သမိုင်းတလျှောက် ဂိုးအများဆုံးသွင်းတဲ့ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးနေမာဟာ ဘရာဇီးကလပ် ဆန်းတို့စ်အသင်းမှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘ၀ စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပါတယ်။

ကမ္ဘာကျော် စပိန်ကလပ် ဘာစီလိုနာမှာ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာတိုက်စစ်အတွဲဟာ အထူးထင်ရှား ကျော်ကြားခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ပြင်သစ်ကလပ် PSG ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဒီနှစ်ဩဂုတ်လမှာတော့ PSG အသင်းကိုစွန့်ခွာပြီး ကမ္ဘာကျော်ဘောလုံးသမားတွေကို ငွေပုံပေးပြီးဆွဲဆောင်နေတဲ့ ဆော်ဒီကလပ် အယ်ဟီလယ်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။

ဓာတ်ပုံ – Neymar Jr’s Facebook
#နေမာ #ပီလီ #စံချိန်တင် Ayeyarwaddy_Times