
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၀ ရက်
ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်၊ ဖောင်တော်ချိတ်ဘုရားအနီး ဧရာ၀တီမြစ်အတွင်းစက်တင်ဘာလ ၈ ရက်နေ့က ရေဆင်းကူးသည့် ကလေးငယ် ၄ ဦး ရေနစ်ပျောက်ဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပျောက်ဆုံးသည့်နေ့တွင် ကလေးငယ် ၂ ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပြီး နောက်တစ်နေ့တွင် ကျန်ကလေး ၂ ဦး၏ ရုပ်အလောင်းများအား ပြန်တွေ့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောသည်ါ
“ယောကျ်ားလေး ၃ ဦး၊ မိန်းကလေးတစ်ဦးပါ။ မိန်းကလေးက သူ့မောင်လေးရေနစ်နေလို့ ဆင်းဆယ်ရင်း သူပါနစ်သွားတာ၊ သူတို့ဆင်းကူးတဲ့နေရာက ရေဝဲသဘောမျိုးဖြစ်နေတာ အားလုံးပါသွားတာ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ရေနစ်သူများမှာ အသက် ၉ နှစ်၊ ၈ နှစ်၊ ၇ နှစ်အရွယ် ယောင်္ကျားလေး ၃ ဦးနှင့် အသက် ၁၃ နှစ်အရွယ် မိန်းကလေး ၁ ဦးတို့ ဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
ရေနစ်ပျောက်ဆုံးခဲ့သည့် ကလေးငယ်များကို မီးသတ်တပ်ဖွဲ့၀င်များ၊ လူမှုကူညီရေးအဖွဲ့များနှင့်ပြည်သူများမှ မြစ်အတွင်း ပူးပေါင်း ရှာဖွေခဲ့ကြောင်း သိရှိရသည်။
ကလေးငယ်များမှာ လူကြီးများနှင့်အတူဘုန်းကြီးကျောင်းတွင် ဥပုဥ်စောင့်လိုက်ရာမှ ဖောင်တော်ချိတ်ဘုရား အနီးလမ်းမှတစ်ဆင့် မြစ်အတွင်းသို့ ဆင်းကာရေကူးကြရာမှရေနစ်ကြခြင်းဖြစ်ကြောင်းရဲမှတ်တမ်းများအရသိရှိရသည်။
#ဇလွန်မြို့ #ကလေးငယ်များ #ရေနစ်သေဆုံး #စစ်ကောင်စီတပ် #Ayeyarwaddy_Times