ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၀ ရက်

ရုရှားသမ္မတ ဗလာဒီမာပူတင်က လာမယ့်နှစ်အတွင်း ရီယိုဒီဂျနေရိုးမြို့တော်မှာပြုလုပ်မယ့် G20 ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ရင် ဖမ်းဆီးခံရမှာမဟုတ်ဖူးလို့ ဘရာဇီးသမ္မတ လူးဝစ်လူလာဒါဆေးဗားလ်က ပြော ကြားလိုက်ပါတယ်။

လာမယ့်နှစ်မှာကျင်းပမယ့် G20 ထိပ်သီးဆွေးနွေးပွဲသို့ ပူတင်ကို ဖိတ်ကြားမယ်လို့ အိန္ဒိယနိုင်ငံ၊ နယူးဒေ လီမြို့တော်မှာ မနေ့ကပြုလုပ်တဲ့ G20 အစည်းအဝေးမှာ လူလာဒါဆေးဗားလ်က သတင်းဌာနတစ်ခုသို့ ပြောပါ တယ်။

သူကိုယ်တိုင်က ရီယိုဒီဂျနေရိုးမြို့တော်မှာပြုလုပ်မယ့် G20 ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ရုရှားနိုင်ငံမှာကျင်း ပမယ့် BRICS အစည်းအဝေးသို့ တက်ရောက်ဖို့ စီစဉ်ထားတယ်လို့ လူလာဒါဆေးဗားလ်က ပြောပါတယ်။

“ပူတင်က ဘရာဇီးကို အလွယ်တကူ သွားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်က ဘရာဇီး သမ္မတဖြစ်တာကြောင့် ပူတင်အနေနဲ့ ဘရာဇီးကိုလာမယ်ဆိုရင် ဖမ်းဆီးခံစရာ အကြောင်းမရှိပါဘူးလို့ ပြောနိုင်ပါ တယ်” လို့ သူက ဆိုပါတယ်။

ယူကရိန်းနိုင်ငံမှ ရာနဲ့ချီတဲ့ ကလေးငယ်တွေကို တရားမဝင် နှင်ထုတ်ခဲ့တယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က မတ်လအတွင်း ပူတင်ကို ဖမ်းဝရမ်းတစ်ရပ် ထုတ်ပြန်ပြီးနောက် လူလာဒါဆေးဗားလ်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ရုရှားတပ်ဖွဲ့တွေက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ သို့မဟုတ် ယူကရိန်းကလေးငယ်တွေကို အဓမ္မ ခေါ် ဆောင်ခဲ့တယ်ဆိုတဲ့ ICC ရဲ့ စွပ်စွဲချက်ကို ရုရှားနိုင်ငံက ငြင်းဆန်ခဲ့ပါတယ်။

ပူတင်ဟာ ဒီနှစ်အတွင်း နိုင်ငံတကာအစည်းအဝေးတွေကို လူကိုယ်တိုင် မတက်ရောက်ဘဲ နယူးဒေလီမြို့ တော်မှာပြုလုပ်တဲ့ G20 အ စည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်ကို စေလွှတ်ခဲ့ပါတယ်။

ဘရာဇီးနိုင်ငံဟာ ICC ကိုတည်ထောင်တဲ့ ရောမစာချုပ်ဝင်နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဘရာဇီးသမ္မတရုံးက လည်း သတင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ ရုရှားနိုင်ငံကို ရှုတ်ချဖို့ ရှောင်ရှားခဲ့ပေမယ့် ပိုင်နက်နယ်မြေသိမ်းပိုက်ရာမှာ အင်အားမသုံးဖို့ နိုင်ငံအားလုံးကို တောင်းဆိုထားတဲ့ ကြေညာချက်တစ်ရပ်ကို G20 နိုင်ငံတွေက စက်တင်ဘာလ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား – Aljazeera
Ref; Lula says Putin will not be arrested at Brazil G20 meeting

#Ayeyarwaddy_Times