
နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၉ ရက်
ကရင်ပြည်နယ် KNU တပ်မဟာ (၅)နယ်မြေအတွင်းရှိ မူတြော်ခရိုင် ဒွယ်လှီးမြို့နယ် ထိဂေါ်ထာ ကျေးရွာအား စက်တင်ဘာလ (၇)ရက်နေ့ နံနက် (၆)နာရီကျော်က စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် အသက်(၅၆)နှစ်ရှိ ကျောင်းဆရာတစ်ဦးနှင့် ကျောင်းသူ/သားလူငယ် (၃)ဦးထိခိုက် သေဆုံးပြီး ကျောင်းသား (၇)ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“စစ်ကောင်စီက စက်တင်ဘာလ (၇)ရက်နေ့ နံနက် (၆)နာရီကျော်မှာ ဗုံးကြဲတာ အသက်မပြည့်သေးတဲ့ ကျောင်းသား (၃)ဦးနဲ့ ကျောင်းဆရာ (၁)ဦး ထိမှန်သေဆုံးခဲ့တာ ကျောင်းသားလေးတွေကတော့ ဗုံးသီးကျတဲ့ နေရာမှာပဲ သေဆုံးသွားပြီး ကျောင်းသား (၇)ဦးကတော့ ထိခိုက်ဒဏ်ရာရရှိထားတယ် “ ဟု ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သေဆုံးသူများမှာ ကျောင်းဆရာ စောဖားဒါး အသက် (၅၆)နှစ် စောအယ်မူးလာ အသက် (၁၄)နှစ် နော်ထီခူး ဖေါ အသက် (၁၆)နှစ် စောဘိုကြီး အသက် (၁၃)နှစ်တို့ဖြစ်ကြသည်။
ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်မှ အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက် လာသည့် တိုင်းရင်းသား လက်နတ်ကိုင် အဖွဲ့များနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့ များကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ အထိနာလာသည့်အတွက် ဒေသခံပြည်သူများ နေထိုင်သည့် ကျေးရွာများကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများက ပြောသည်။
#ကရင်ပြည်နယ် #ထိဂေါ်ထာကျေးရွာ #စစ်ကောင်စီ #လေယာဥ် #ဗုံးကြဲတိုက်ခိုက်မှု #ကျောင်းဆရာ၁ဦးနှင့် #ကျောင်းသား၃ဦးသေဆုံး