
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၉ ရက်
ဧရာဝတတီတိုင်း ရေကြည်မြို့နယ်ရှိမြို့ အဝင်အထွက်နေရာဖြစ်သည့် ပိတောက်ချောင်လမ်းဆုံ၌ စက်တင်ဘာလ ပထမအပတ်ကစကာ ခရီးသည်ယာဥ်နှင့် ကုန်တင်ယာဥ်များကို စစ်ဆေးမှုတင်းကြပ်နေပြီး ငွေကြေးတောင်းခံမှုများရှိနေကြောင်း ဒေသခံခရီးသွားများနှင့် ကုန်တင်ယာဥ်မောင်းများထံကသိရသည်။
ပြီးခဲ့သည့်စက်တင်ဘာလ ၁ ရက်နေ့ကစတင်ကာ ရေကြည်မြို့ရှိ မြို့အဝင်အထွက် စစ်ဆေးရေး ဂိတ်နေရာဖြစ်သည့် ပိတောက်ချောင်လမ်းဆုံ၌ စစ်ကောင်စီတပ်၊ လဝက ၊ရဲနှင့်ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ဝင် ၁၅ ဦးထက်မနည်းသည် လုံခြုံရေးကင်းချကာ ခရီးသည်ယာဥ်လိုင်းကားများနှင့်ကုန်တင်ယာဥ်များကို ယာဥ် မှတ်ပုံတင်စစ်ဆေးမှုနှင့် လူတိုက်ဆိုင်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ရေကြည်-ရန်ကုန်ခရီးသည်ယာဥ်လိုင်း၏ဒေသခံယာဥ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
” စစ်ဆေးတဲ့ပုံစံက နည်းနည်းကြပ်လာတယ်။ လဝကနဲ့ရဲကခရီးသည် ကားပေါ် တက်စစ်တယ်။ခရီးသည်တွေကို မှတ်ပုံတင်ပြခိုင်းတယ်။ နောက်ပြီးဓာတ်ပုံတွေနဲ့ တိုက်စစ်တာတွေလုပ်လာတယ်။ပြည်သူ့စစ်နဲ့ စစ်တပ်တွေက ကားထဲမှာပါလာသမျှ ကုန်ပစ္စည်းတွေနဲ့ အထုတ်တွေကိုအကုန်စစ်ဆေးတယ်။အရင်ကအဲ့လောက်မဟုတ်ဘူး” ဟု ၄င်းကပြောသည်။
ထို့အပြင် ကုန်တင်ယာဥ်များကိုလည်း စစ်ဆေးကာ မြို့ဝင်ကြေးဟု အကြောင်းပြ၍ ကုန်တင်ယာဥ် တစ်စီးလျှင်ငွေကျပ် ငါးသောင်းထက်မနည်း ကောက်ခံမှုများရှိနေကြောင်း ဒေသခံကုန်တင်ယာဥ်မောင်း များထံကသိရသည်။
” ကုန်တင်ယာဥ်တွေကျတော့ ယာဥ်အသေးတွေဆို စစ်ဆေးတာပဲလုပ်တယ်။ယာဥ်ကြီးတွေဆိုရင်တော့ အရစ်ခံရတာပါပဲ။ ရဲနဲ့စစ်တပ်ကလူတွေပိုရစ်တယ်။ တစ်သောင်းလောက်သွားပေးရင် လက်မခံဘူး။ငါးသောင်းလောက်ပေးမှပဲ လွှတ်ပေးတော့တယ်” ဟု ဒေသခံကုန်တင်ယာဥ်မောင်း တစ်ဦးကဆိုသည်။
ရေကြည်မြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း မြို့အဝင်အထွက်နေရာများ၌ စစ်ကောင်စီတပ်၊ရဲနှင့်ပျူစောထီး(ပြည်သူ့စစ်)များက စစ်ဆေးရေးဂိတ်ငယ်များ ပြန်လည်ပြုလုပ်ကာ စစ်ဆေးရေးတင်းကြပ်မှုများရှိခဲ့သည်။
#ရေကြည် #ခရီးသည်ယာဥ်နှင့် #ကုန်တင်ယာဥ် #စစ်ဆေးမှုတင်းကြပ် #ငွေကြေးတောင်းခံမှုများ ပြုလုပ် #Ayeyarwaddy_Times