နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၉ ရက်

အာဏာသိမ်း စစ်ကောင်စီက အဓမ္မစီစဉ်ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲတွင် ပယ်မဲနှင့်မဲမသမာ မှုများမရှိအောင် မြန်မာအီလက်ထရောနစ် မဲပေးစနစ်ကို အသုံးပြုမည်ဟု ပြောဆိုနေမှုအပေါ် မေးခွန်းထုတ်စရာများစွာရှိကြောင်း နိုင်ငံရေးနှင့်ရွေးကောက်ပွဲ လေ့လာစောင့် ကြည့်သူများက ဆိုသည်။

စစ်ကောင်စီ လက်အောက်ခံရွေးကောက်ပွဲကော်မရှင်သည် မြန်မာအီလက်ထရောနစ် မဲပေးစနစ်ကို ပြည်တွင်းနည်းပညာရှင်များဖြင့် မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီမှုရှိစွာ ဖန်တီးဆောင်ရွက်ထားရှိပြီး အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်နိုင်သည့် ပယ်မဲ များနှင့် မဲလက်မှတ်များ ဖောင်းပွစွာ ရိုက်နှိပ်မှုကဲ့သို့သော မဲမသမာမှုများ မရှိနိုင်တော့ ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့က မဲပေးစက်နှင့်စပ်လျဉ်း၍ စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနတွင် ရှင်းလင်းပြသရာ၌ ပြောကြားခဲ့သည်။

အီလက်ထရောနစ်မဲပေးစနစ်ကို ကမ္ဘာ့နိုင်ငံအတော်များများက ကျင့်သုံးလုပ်ဆောင် နေပြီး ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီအစီရင်ခံစာများအရ နိုင်ငံပေါင်း (၃၄) နိုင်ငံတွင် စမ်းသပ်၊ ပေါင်းစပ် ကျင့်သုံးနေသလို အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လ်ဂျီယံ၊ ဘရာဇီး၊ ကနေဒါ၊ ပြင်သစ်၊ အိန္ဒိယ၊ ကာဂျစ်စတန်၊ တောင်ကိုးရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ အမေရိကန် စသည့်နိုင်ငံများသည် ထင်ရှားသော နိုင်ငံများ ဖြစ်ကြောင်း သိရသည်။

“အဲ့ဒီနိုင်ငံတွေက ဒီစနစ်ကို လက်ရှိကာလမှာ ကျင့်သုံးနေတယ်ဆိုပေမယ့် ရာနှုန်းပြည့် နှစ်သက်လားလို့ မေးခွန်းထုတ်ပြန်တော့လည်း ဘယ်နိုင်ငံကမျှ ရာနှုန်းပြည့် လက်မခံ ကြတာက ဒီကနေ့ရဲ့ ပကတိအခြေအနေ တွေပါ။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ အခြေအနေကို အဲဒီ e-voting system က အပြည့်အဝ အာမခံချက် မပေးနိုင်သေးတာပါ။ ဒါကြောင့် ကမ္ဘာ့နိုင်ငံတွေက ဒီ System ကို ကျင့်သုံးနေကြတယ် ဆိုပေမယ့်လည်း ဆန့်ကျင့်မှုတွေက ဒုနဲ့ဒေးရှိနေတယ်ဆိုတာ ငြင်းလို့မရတဲ့အချက်ပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ် -NPLUF မှ တရား လွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တချို့သော နိုင်ငံရေးနှင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက မဲလိမ်၊ မဲခိုးရန် အကောင်းဆုံး နည်းလမ်းတစ်ခုကို ပြပါဆိုလျှင် e-voting system သာ ဖြစ်သည်ဟု ယနေ့အချိန်ထိ ဆိုစမှတ်ပြုနေကြသည်။

“ဒီလိုမျိုး နည်းစနစ်အရ၊ နည်းပညာအရ မဲမသမာမှုဆိုတာ လူကြောင့်တင်မဟုတ်ဘူး တခြားစက်ပစ္စည်းတွေနဲ့ မသမာမှုလုပ်မယ်ဆိုရင် လုပ်လို့ရနိုင်တဲ့ နည်းလမ်းတွေက လည်းရှိတော့ အဲလိုမျိုးဟာတွေကို အကာအကွယ်ပေးဖို့အတွက်၊ မဖြစ်အောင် လုပ်ဖို့ အတွက် ဘာတွေစီစဉ်ထားလဲ။ အဲဒါတွေကတော့ မေးခွန်းတွေ အများကြီးရှိတယ်။ နောက်တစ်ဖက်မှာက သူ(စစ်ကောင်စီ)တို့ရဲ့ မဲစနစ်အရရှိတဲ့ ဆောင်ရွက်မှုတွေ၊ ချိတ်ဆက်ဆွေးနွေးမှုတွေ ရှိနေတယ်ဆိုတဲ့ သဘောကတော့ သူတို့ရဲ့ နိုင်ငံရေးလမ်းပြ (၅)ချက်အရ ရွေးကောက်ပွဲ မဖြစ်မနေလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ ရှိနေသေးတယ်” ဟု နိုင်ငံရေးလေ့ လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲ ဖြစ်မြောက်အောင် လိုအပ်ချက် များဖြစ်သည့် နိုင်ငံတကာက လက်ခံမှုရရှိရေးနှင့် ပြည်တွင်းနိုင်ငံရေး အင်အားစုများ၏ ပူးပေါင်းပါဝင်မှုရရန် နည်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက်သွားမည့် သဘောမျိုးရှိသော အခြေအနေဟု မြင်ရသည်။ လက်ရှိတွင် ရွေးကောက်ပွဲ ကျင်းပရေးကို လက်ခံခြင်း၊ မလက်ခံခြင်း အငြင်းပွားနေပြီး ထိုအရာကို ပြေလည်အောင် မဖြေရှင်းဘဲ လက်ရှိအတိုင်း ဆောင်ရွက် မည်ဆိုပါက ရရှိလာသော ရလာဒ်သည် အမြဲတိုင်း အငြင်းပွားစရာရှိကာ ဖြစ်ပွားနေသည့် ပြည်တွင်းပဋိပက္ခသည်လည်း ပိုမိုတိုးလာနိုင်ကြောင်း ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောကြားသည်။

မြန်မာနိုင်ငံသားများသည် ရွေးကောက်ပွဲ ဆိုသည့်အရာကို နှစ်အနည်းငယ်သာ ဖြတ်သန်းခဲ့ရပြီး ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံသာမက နိုင်ငံ၏အခြေခံ အဆောက်အအုံနှင့် နည်းပညာဖွံ့ ဖြိုးမှုများ အပေါ်တွင်လည်း လိုအပ်ချက်ရှိသည်။ ထို့အတူ တခြားတစ်ဖက်တွင်လည်း ဒီမိုကရက်တစ် ကျင့်ဝတ်များအပေါ် လိုက်နာ ဆောင်ရွက်နိုင်မှုနှင့် ရွေးကောက်ပွဲ ကော်မရှင်များ၏ သမာဓိရှိမှု၊ ဘက်လိုက် ကင်းစင်မှု အပေါ်တွင် မေးခွန်းထုတ်စရာ အများကြီးရှိနေကြောင်း တရားလွှတ်တော်ရှေ့နေစော ဘဦးလေးက ဆိုသည်။

“ကမ္ဘာမှာ နည်းပညာရဲ့ ဘိုးအေလို့ကို ကင်ပွန်းတပ်လို့ရတဲ့ United Kingdom Community မှာကိုက ဒီစနစ်ကို လက်ခံကျင့်သုံး နေပေမယ့် ဒီစနစ်မှာ အားနည်းချက် တွေရှိကြောင်း သိပ်မဝေးတဲ့ကာလမှာ ကျင်းပပြုလုပ်ခဲ့တဲ့ 2023 New South Wales state election အပြီးမှာ အတိအလင်း ဝန်ခံထားတာရှိတယ်။ အဓိကကတော့ စက်တွေရဲ့ Errors ပြဿနာပါပဲ” ဟု စောဘဦးလေးက ဆိုသည်။

ဓာတ်ပုံ-စစ်ကောင်စီ

#ပယ်မဲနှင့်မဲမသမာမှုများ #စစ်ကောင်စီ #မြန်မာအီလက်ထရောနစ်မဲပေးစနစ် #မေးခွန်းထုတ်စရာများရှိ #Ayeyarwaddy_Times