ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၉ ရက်

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် စစ်တောင်းမြစ်ဝှမ်းဒေသကို စစ်ကောင်စီက လေကြောင်းအသုံးပြု၍ လက်နက်ခဲယမ်းဖြည့်တင်းမှုများပြုလုပ်နေကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များထံကသိရသည်။

မုန်းဒေသ၊ ကျောက်ကြီးမြို့နယ်နှင့် အနီးတစ်ဝိုက်ကို စစ်ကောင်စီက သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များအသုံးပြု၍ လူအင်အား၊ လက်နက်ခဲယမ်းများဖြည့်တင်းနေပြီး စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့သည့် သစ်ချဆိပ်စခန်းအနီးရှိ ရွာတစ်ရွာကိုလည်း စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ထိုးစစ်အပိုင်းကတော့ လောလောဆယ် ငြိမ်နေတယ်။ ကျောက်ကြီးမြို့နယ်ထဲက သစ်ချဆိပ်စခန်းကျတဲ့ အနီးကရွာတစ်ရွာကိုလည်း မီးရှို့သွားသေးတယ်။ ဒီဘက်မှာက ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ တော်တော်လေး လျော့ချခံထားရတယ် ” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်တိုက်ပွဲအတွင်း အထိနာခဲ့သည့်အတွက် ကျောက်ကြီးမြို့နယ်အတွင်းရှိ လောမူသောကျေးရွာနှင့် ဘုရားလေးကုန်းဘုန်းကြီးကျောင်းအနီးသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စက်တင်ဘာလ ၅ ရက်နေ့က အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံ ၇၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

မုန်းဒေသ၊ ကျောက်ကြီးမြို့နယ်နှင့်အနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့မှစတင်ပြီး စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ကြား လေးရက်ကြာ ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ၈၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းများ အများအပြား သိမ်းဆည်းရမိ ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

ဓာတ်ပုံ – မုန်းမြို့နယ်အတွင်ရှိကျေးရွာအချို့ကို

စစ်ကောင်စီက မီးရှို့ခဲ့မှုနှင့် လေကြောင်းတိုက်ခိုက်မှု (ပုံဟောင်း)

#ကျောက်ကြီး #စစ်ကောင်စီ #ပို့ဆောင်ရေးရဟတ်ယာဉ် #အင်အားဖြည့် #မီးရှို့ #Ayeyarwaddy_Times