
ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ စက်တင်ဘာလ ၉ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်တွင် ယမန်နေ့ စက်တင်ဘာလ ၈ ရက်၊ ညနေ ၅ နာရီဝန်းကျင်က အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီးအောင်လွင်နှင့် မိသားစု ကို မအမည်မသိ သေနတ်သမားများမှ လာရောက်ပစ်ခတ်သွားကြောင်း ဒေသခံများထံကသိရသည်။
အငြိမ်းစားဒုဗိုလ်မှူးကြီးအောင်လွင်သည် ကျိုက်ထိုမြို့နယ်၊ YMBA အသင်း အတွင်းရေးမှူး တစ်ဦးဖြစ်ပြီး ၎င်း၏နေအိမ်ရှေ့တွင် အမည်မသိသေနတ်သမား နှစ်ဦးက လာရောက်ပစ်ခတ်ခဲ့ရာ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာစိုး သေဆုံးခဲ့ပြီး ဦးအောင်လွင်မှာလက်တွင် သေနတ်ဒဏ်ရာတစ်ချက် ရရှိခဲ့၍ သားဖြစ်သူမှာ မျက်လုံးထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“သူကတော့ ကျိုက်ထိုမှာဆို ဒလန်လို့နံမည်ကြီးတယ်။ ကျိုက်ထိုဘက်က ဒေသခံတွေကို တော်လှန်ရေးလုပ်တယ်လို့ စွပ်စွဲပြီးဖမ်းခိုင်းနေတဲ့ အမဲလိုက်မုဆိုးကြီး တယ်လီဂရမ်ချန်နယ်က အဖွဲ့ဝင်လို့လဲပြောကြတယ်။ အခုလက်ရှိအရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနဲ့လဲ သူငယ်ချင်းပဲတဲ့။ သူ့ကိုလာပစ်တုန်းက အပြန်အလှန်ပစ်ကြတယ် “ ဟု ကျိုက်ထိုဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေနတ်ပစ်ခတ်မှုကို PDF နှစ်ဦးမှ လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန် ချန်နယ်များတွင် ပြောဆိုရေးသားထားကြပြီး ဧရာဝတီတိုင်းမ် အနေဖြင့် မည်သည့်အဖွဲ့ကလုပ်ဆောင်ခဲ့ကြောင်း သိရခြင်းမရှိသေးပေ။
ကျိုက်ထိုတွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ဒေသခံများကိုအကြောင်းမဲ့ ပစ်သတ်ခဲ့ဖူးသည့် BGF စစ်ဗိုလ် ဝင်းစိုးဆိုသူ ကားမောင်းလာစဉ် ကျိုက်ထိုမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့(KRF)နှင့်ပူးပေါင်းအဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ၎င်းနှင့်ဇနီးဖြစ်သူတို့သေဆုံးခဲ့ပြီး သေနတ်အတိုတစ်လက်၊ အရှည်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ကျိုက်ထိုအသံ။
#ကျိုက်ထို #အငြိမ်းစားဒုဗိုလ်မှူးကြီး #ပစ်သတ်ခံရ #စစ်ကောင်စီ #Ayeyarwaddy_Times